အိုလံပီယာကော့စ်အသင်းမှာ ကော်စတင်ဟာကို ခေါ်ယူလိုက်ပြီလို့ ဘရိုက်တန်အတည်ပြု
ဘရိုက်တန်အသင်းက အိုလံပီယာကော့စ်အသင်းကစားသမား၊ ပေါ်တူဂီလူမျိုးညာအစွန်နောက်ခံလူ ကော်စတင်ဟာကို ငါးနှစ်စာချုပ်ဖြင့် ခေါ်ယူလိုက်ပြီလို့ အတည်ပြုခဲ့ပါတယ်။
နွေရာသီအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန် အသက် ၂၆ နှစ်အရွယ်ကစားသမားက ပြောင်းရွှေ့ကြေး ပေါင် ၁၁ သန်းဝန်းကျင်နဲ့ ပရီးမီးယားလိဂ်ကလပ်အသင်းဆီ ရောက်ရှိလာတယ်လို့ ယူဆရပါတယ်။
ကော်စတင်ဟာက ဂရိမြေမှာ ခိုင်မာအားကောင်းတဲ့ ခံစစ်စွမ်းဆောင်ရည်၊ ညာတောင်ပံတလျှောက် တိုက်စစ်ပိုင်းလှုပ်ရှားမှုတွေနဲ့ ဘောလုံးပိုင်ဆိုင်ထားချိန် အကောင်းဆုံးစွမ်းဆောင်ပြနိုင်ခဲ့မှုကြောင့် ပရိသတ်အများစုရဲ့သဘောကျနှစ်ခြိုက်မှုကို ရရှိခဲ့ပါတယ်။
ဘရိုက်တန်နည်းပြဟာဇယ်လာက "ကော်စတင်ဟာဆိုတာ ကျွန်တော်တို့ မျက်ခြေမပြတ် အနီးကပ်စောင့်ကြည့်နေခဲ့တဲ့ ကစားသမားတစ်ဦး ဖြစ်ပါတယ်။ သူ့မှာ ခံစစ်ပိုင်းစွမ်းဆောင်ရည်၊ ကစားပုံပြင်းထန်မှုနဲ့ ကျွန်တော်တို့တန်ဖိုးထားတဲ့အရာတွေအပေါ် ကောင်းမွန်တဲ့နားလည်မှုတွေ ရှိထားပါတယ်။ ဒါကြောင့် အသင်းအတွက် ကောင်းမွန်တဲ့ ကစားသမားသစ်ခေါ်ယူမှုတစ်ခု ဖြစ်လာလိမ့်မယ်လို့ ယုံကြည်မိပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
"သူက ဘောလုံးပိုင်ဆိုင်ထားချိန်မှာရော၊ ဘောလုံးဆုံးရှုံးချိန်မှာပါ ကစားပုံ သက်သောင့်သက်သာရှိပြီး လက်ရှိကစားသမားတွေနဲ့အတူ ညာနောက်ခံလူနေရာအတွက် ပြိုင်ဆိုင်မှုတွေ ရှိလာစေပါလိမ့်မယ်။ သူက ပရီးမီးယားလိဂ်မှာ ကျွန်တော်တို့နဲ့အတူ ဆက်လက်တိုးတက်ဖို့ ရွေးချယ်ခဲ့မှုအတွက် ကျွန်တော် ဝမ်းသာမိပါတယ်" လို့ ဆိုပါတယ်။