
မူစီယာလာရဲ့ဂိုးကိုအောင်ပွဲခံရင်း ဒဏ်ရာရခဲ့တဲ့ နူအာ
ဘိုင်ယန်မြူးနစ်ဂိုးသမား မန်နူရယ်နူအာဟာ ကြာသပတေးနေ့နံနက်က လေဗာကူဆင်နဲ့ယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ် ရှုံးထွက် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်မှာ အသင်းဖော် မူစီယာလာရဲ့သွင်းဂိုးအတွက် အောင်ပွဲခံရင်း ဒဏ်ရာပြဿနာကြုံတွေ့ခဲ့ရပါတယ်။ ယခုပွဲဟာ နူအာရဲ့ ဘိုင်ယန်မြူးနစ်ကစားသမားဘဝ ၅၅၄ ပွဲမြောက်ဖြစ်ပြီး အသင်းက ၃-၀ နဲ့အနိုင်ရခဲ့တာကြောင့် ဂျာမန်သားအနေနဲ့ Clean Sheet ရရှိခဲ့ပါတယ်။ ဒါ့အပြင် ဘိုင်ယန်မြူးနစ်အနေနဲ့လည်း ဂိုးပြတ်အနိုင်ရခဲ့တာကြောင့် ကွာတားဖိုင်နယ်အဆင့်ကိုတက်ရောက်နိုင်ဖို့ အလားအလာကောင်းတဲ့အခြေအနေတစ်ရပ်ကိုဖန်တီးနိုင်ခဲ့တာဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်အတွက်ဂိုးတွေကို ဟယ်ရီကိန်းက ၂ ဂိုးနဲ့ မူစီယာလာက ၁ ဂိုးသွင်းယူပေးခဲ့တာဖြစ်ပြီး ယခုရာသီမှာ ဟယ်ရီကိန်းရဲ့သွင်းဂိုးဟာ ပြိုင်ပွဲစုံ ၃၁ ဂိုးအထိရောက်ရှိလာခဲ့ပြီလည်းဖြစ်ပါတယ်။ သို့သော်လည်း ဘိုင်ယန်အတွက် ထိုးနှက်ချက်တစ်ခုအနေနဲ့ ဂိုးသမားနူအာတစ်ယောက်ဒဏ်ရာရသွားခဲ့တာကြောင့် ကစားသမားဟာ လာမယ့်အပတ်ဒုတိယအကျော့ပွဲစဉ်မှာပါဝင်နိုင်ဖို့ သံသယဖြစ်ဖွယ်အခြေအနေမှာရှိနေပါတယ်။
အောင်ပွဲခံရင်းဒဏ်ရာရသွားတဲ့ဂိုးသမားကို နည်းပြဗင်းဆင့်ကွန်ပနီက ပွဲကစားချိန် ၅၈ မိနစ်မှာပဲ လူစားလဲခဲ့ရပြီး ဂျိုနက်စ်အာဘစ်ကို ထည့်သွင်းအသုံးပြုခဲ့ရပါတယ်။ ပွဲအပြီးမှာ နူအာနဲ့ပတ်သက်ပြီး ကွန်ပနီက "လောလောဆယ်မှာတော့ နူအာနဲ့ရဲ့အခြေအနေကို ကျွန်တော်မသိရသေးပါဘူး။ ဒါပေမယ့် သူ့ဘာသူအောင်ပွဲခံရင်းဒဏ်ရာရသွားတာကတော့ အမှန်ပါ။ ခြေသလုံးထိသွားပုံရပါတယ်။ မနက်ဖြန် ကျွန်တော်တို့ သေချာသိရမှာပါ"
"ကျွန်တော့်အနေနဲ့ နူအာအပေါ်မှာရော၊ အာဘစ်အပေါ်မှာပါ ဖိအားတွေအများကြီးမပေးချင်ပါဘူး။ ဟယ်ရီကိန်း၊ ဂျိုရှူးဝါးကင်းမစ်ချ်နဲ့ မူစီယာလာတို့ ဒဏ်ရာပြဿနာတွေကြုံနေရတဲ့အချိန်တွေနဲ့ ကျွန်တော်တို့ ကြုံတွေ့ခဲ့ပါတယ်။ အခုတော့ နူအာမရှိတဲ့အချိန်နဲ့ပါ ကြုံတွေ့ရတော့မှာပါ။ သူမရှိလည်း အသင်းကို အကောင်းဆုံးပုံစံရအောင်တည်ဆောက်သွားပါမယ်"
"အသင်းမှာ အရည်အသွေးရှိနေပြီးသားပါ။ ဒီပွဲက အာဘစ်ရဲ့ပွဲဦးထွက်လည်းဖြစ်ပါတယ်။ ဒါပေမယ့် သူအတော်လေးတည်ငြိမ်ပြီး ထိန်းထိန်းသိမ်းသိမ်းလည်းကစားနိုင်ခဲ့ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ နူအာဟာ မကြာသေးမီကမှ ဘိုင်ယန်မြူးနစ်နဲ့ စာချုပ်သက်တမ်းတိုးမြှင့်ထားခဲ့တာဖြစ်ပြီး ၂၀၂၆ ခုနှစ်နွေရာသီအထိ အသင်းမှာဆက်လက်နေထိုင်သွားမှာဖြစ်ပါတယ်။ ၂၀၂၆ ခုနှစ်အတွင်းမှာတော့ ဂျာမန်လက်ရွေးစင်ဟာ အသက်-၄၀ ပြည့်မြောက်မှာဖြစ်ပါတယ်။