The network connection is lost.

Banner Image

အာဆင်နယ်နဲ့ပွဲစဉ်မတိုင်မီ ကွန်ပနီ၊ ကင်မစ်ချ်နဲ့ နူအာတို့ရဲ့ နောက်ဆုံးအခြေအနေကို ဘိုင်ယန်မြူးနစ်လက်ထောက်နည်းပြ ရှင်းပြလာ

အာဆင်နယ်နဲ့ရင်ဆိုင်ရမယ့် ဗုဒ္ဓဟူးနေ့ချန်ပီယံလိဂ်ပွဲစဉ်မှာ ကွန်ပနီကို နည်းပြခုံတန်းထက် မြင်တွေ့ရဖို့ရှိ၊ မရှိ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ ဘိုင်ယန်မြူးနစ် လက်ထောက်နည်းပြအာရွန်ဒန့်ခ်က အင်္ဂါနေ့မှာ အတည်ပြုပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အသင်းခေါင်းဆောင်နူအာနဲ့ ကွင်းလယ်လူကင်မစ်ချ်တို့လည်း ဒီပွဲကြီးပွဲကောင်းကို ပါဝင်ကစားနိုင်ဖို့ မသေချာသေးပါဘူး။

တင်ပါးဆုံရိုးအထိ သက်ရောက်မှုဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးကူးစက်မှုကြောင့် ဘိုင်ယန်မြူးနစ်ရဲ့ အင်္ဂါနေ့လေ့ကျင့်ရေးအစီအစဉ်ကို လွဲချော်ပြီးနောက် ဗုဒ္ဓဟူးနေ့ချန်ပီယံလိဂ်ပွဲစဉ်မှာ ကွန်ပနီ ရှိနေမလားဆိုတာ မရေမရာဖြစ်နေဆဲပါပဲ။

အင်္ဂါနေ့ပွဲကြိုသတင်းစာရှင်းလင်းပွဲဆီ ကွန်ပနီကိုယ်စား တက်ရောက်လာတဲ့ ဘိုင်ယန်မြူးနစ်လက်ထောက်နည်းပြ အာရွန်ဒန့်ခ်က ဘယ်လ်ဂျီယံသားရဲ့အခြေအနေနဲ့ပတ်သက်လို့ အခုလိုပဲ ရှင်းပြပါတယ်။

ဒန့်ခ်စ်က "ကွန်ပနီမှာ ဗိုင်းရပ်စ်ပိုးကူးစက်မှုတစ်ခု ရှိနေပါတယ်။ သူ အနားယူဖို့ အရေးကြီးပါတယ်။ ကျွန်တော်တို့ အခြေအနေကို အမြဲတစေစောင့်ကြည့်နေပြီး မနက်ဖြန်မှာ သူ ဘယ်လိုနေလဲဆိုတာကို ကြည့်သွားပါမယ်။ ကျွန်တော်တို့ အမြဲအဆက်အသွယ်ရှိနေပြီး သူကလည်း သူ့ရဲ့အကြံပြုချက်တွေကို ပေးပို့နေပါတယ်။ မနက်ဖြန် အလိုင်းယန့်ဇ်အရီနာမှာ သူ ရှိနေနိုင်မလားဆိုတာကိုတော့ မနက်ဖြန်ကျမှပဲ မြင်တွေ့ရပါလိမ့်မယ်" လို့ ပြောပါတယ်။

ကွန်ပနီမရှိချိန် တာဝန်ယူကိုင်တွယ်ရမှုအတွက် ဘယ်လိုခံစားရလဲလို့ မေးမြန်းရာမှာတော့ အသက် ၄၃ နှစ်အရွယ်လက်ထောက်နည်းပြက အခုလို ဖြေကြားခဲ့ပါတယ်။

"ကျွန်တော့်အတွက်တော့ ဘာမှ သိပ်မပြောင်းလဲပါဘူး။ ကျွန်တော်တို့ဆီမှာ တောင့်တင်းတဲ့ နည်းပြအဖွဲ့တစ်ခု ရှိနေပြီး စနစ်ကျတဲ့ လုပ်ငန်းစဉ်တွေလည်း ချမှတ်ထားပြီးသားပါ။ မနက်ဖြန်ပွဲစဉ်အတွက် အဆင်သင့်ဖြစ်စေဖို့ ကစားသမားတွေရဲ့ စွမ်းအင်အဆင့်အတန်း မြင့်မားနေအောင်ပဲ ဆက်လက်ထိန်းသိမ်းထားဖို့ လိုပါတယ်" လို့ သူက ဆိုပါတယ်။

ဗုဒ္ဓဟူးနေ့ပွဲစဉ်မတိုင်ခင် နောက်ထပ်မေးခွန်းထုတ်စရာတစ်ခုကတော့ ကိုယ်ရေးကိုယ်တာ အကြောင်းပြချက်ကြောင့် အင်္ဂါနေ့လေ့ကျင့်ရေးအစီအစဉ်လွဲချော်ခဲ့တဲ့ ကင်မစ်ချ် ဖြစ်ပါတယ်။

အသက် ၃၁ နှစ်အရွယ်ကစားသမားကို ဗုဒ္ဓဟူးနေ့ပွဲစဉ်မှာ မြင်တွေ့ရလိမ့်မယ်လို့ ဂျာမနီမီဒယာတွေရဲ့အစောပိုင်းဖော်ပြမှုတွေမှာ ပါရှိခဲ့ပေမဲ့ ဒန့်ခ်ကတော့ ကစားသမားရဲ့အခြေအနေကို အတိအကျအတည်မပြုပေးခဲ့ပါဘူး။

သူက "ကင်မစ်ချ်က ဒီနေ့မှာ ကိုယ်ရေးကိုယ်တာအကြောင်းပြချက်ကြောင့် မပါဝင်လာခဲ့ပါဘူး။ ဒါက မနက်ဖြန်အတွက် ဘာကိုဆိုလိုသလဲဆိုတာတော့ ကျွန်တော် သေချာမသိပါဘူး" လို့ ပြောပါတယ်။

ခြေထောက်ဒဏ်ရာကြောင့် ပြီးခဲ့တဲ့ပွဲစဉ်နှစ်ခုကို လွဲချော်ခဲ့ပြီးနောက် ပွဲထွက်လူစာရင်းဆီ ပြန်လည်ရောက်ရှိလာနိုင်တဲ့ နူအာရဲ့အခြေအနေကိုလည်း ဒန့်ခ်က ရှင်းပြခဲ့ပါတယ်။

"ကျွန်တော်တို့ ဆုံးဖြတ်ချက် မချရသေးပါဘူး။ နူအာ လေ့ကျင့်ရေးကွင်းဆီ ပြန်ရောက်နေတာ နှစ်ရက်ရှိပါပြီ။ ဒါ အရမ်းကောင်းပါတယ်။ နည်းပြအဖွဲ့ဝင်တွေရော၊ ကွန်ပနီနဲ့ပါ အတူတူ ဆုံးဖြတ်သွားပါမယ်။ ဒါပေမဲ့ နူအာပြန်လာနိုင်တာ အရမ်းကောင်းပါတယ်" လို့ ဒန့်ခ်စ်က ဆိုပါတယ်။

တကယ်လို့ နူအာသာ ပွဲထွက်ကစားဖို့အတွက် ကြံ့ခိုင်မှုမပြည့်၀ဘူးလို့ သတ်မှတ်ခံလိုက်ရမယ်ဆိုရင် အသက် ၄၀ နှစ်အရွယ်ဂိုးသမားနေရာမှာ အာဘစ်ဂျ်က နောက်တစ်ကြိမ် အစားထိုးတာဝန်ယူသွားဖို့ အဆင်သင့်ရှိနေပါတယ်။