လေ့ကျင့်ရေးကွင်းဆီ ပြန်ရောက်လာတဲ့ ကွန်ပနီရဲ့ အခြေအနေကို ဘိုင်ယန်မြူးနစ် ရှင်းပြလာ
နေထိုင်မကောင်းဖြစ်မှုကြောင့် ကာလအတန်ကြာ အလုပ်တာဝန်တွေနဲ့ ဝေးကွာခဲ့ပြီးနောက် လေ့ကျင့်ရေးကွင်းဆီ ပြန်လည်ရောက်ရှိလာတဲ့ ကွန်ပနီရဲ့ အခြေအနေနဲ့ပတ်သက်လို့ အင်္ဂါနေ့မှာ ဘိုင်ယန်မြူးနစ်က အကျဉ်းချုပ် ရှင်းလင်းတင်ပြခဲ့ပါတယ်။
အောက်တိုဘာ ၂၃ ရက်မှာ သတိလစ်လဲကျသွားပြီးနောက် နေထိုင်မကောင်းဖြစ်ကာ အနားယူနေရတဲ့ ကွန်ပနီက အခုတော့ ဇာဘနာစထရာဆီရှိ ဘိုင်ယန်မြူးနစ်ရဲ့လေ့ကျင့်ရေးကွင်းဆီ ပြန်လည်ရောက်ရှိလာခဲ့ပါပြီ။
အသက် ၄၀ နှစ်အရွယ်နည်းပြရဲ့ ပြန်လည်သက်သာလာမှုအခြေအနေနဲ့ပတ်သက်လို့ ဘိုင်ယန်မြူးနစ်က "ပြန်လည်သက်သာလာတဲ့ လမ်းကြောင်းပေါ်မှာ ကွန်ပနီ ရှိနေပြီး အခုသီတင်းပတ်အစောပိုင်းကတည်းက အသင်းလေ့ကျင့်ရေးကွင်းဆီ ပြန်လည်ရောက်ရှိနေခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်နည်းပြက အဲဒီနေရာမှာပဲ သူ့ရဲ့ပုခုံးဒဏ်ရာအတွက် ပြန်လည်သက်သာလာစေရေး လုပ်ငန်းစဉ်တွေကိုလည်း အပြီးသတ်ဆောင်ရွက်နေပါတယ်" လို့ တရားဝင်ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်က ဖရိုင်းဘတ်ကို ၃-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ ဘွန်ဒက်စ်လီဂ်ပွဲစဉ်မတိုင်မီ နှစ်ရက်အလို အောက်တိုဘာ ၂၃ ရက်က လေ့ကျင့်ရေးကွင်းထဲမှာ သတိလစ်လဲကျသွားခဲ့ပြီးနောက်ပိုင်း ကွန်ပနီက ပွဲတွေနဲ့ ဝေးကွာနေခဲ့တာ ဖြစ်ပါတယ်။
အသက် ၄၀ နှစ်အရွယ်နည်းပြက ဦးနှောက်အမြှေးပါးရောင်ရမ်းမှုဝေဒနာကြောင့် ဆေးရုံတက်ကုသခဲ့ပြီး ဆေးရုံဆင်းချိန်မှာလည်း နေအိမ်မှာပဲ ဆက်လက်အနားယူကာ ဆေးကုသမှု ခံယူနေခဲ့ပါတယ်။
ကွန်ပနီလွဲချော်ခဲ့တဲ့ ပွဲစဉ်ငါးခုကိုတော့ ဘိုင်ယန်မြူးနစ်လက်ထောက်နည်းပြ အာရွန်ဒန့်ခ်က တာဝန်ယူကိုင်တွယ်ခဲ့ပါတယ်။
အစီအစဉ်အတိုင်း ချောချောမွေ့မွေ့ဖြစ်မြောက်သွားမယ်ဆိုရင် နိုင်ငံတကာသီတင်းပတ်အပြီး ပထမဆုံးအဖြစ် ကိုလုံးနဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်ရဲ့နည်းပြခုံတန်းဆီ ကွန်ပနီ ပြန်လည်ရောက်ရှိလာနိုင်ပါတယ်။