The network connection is lost.

Banner Image

မန်စီးတီးမှာ မာရက်စ်ကာ အောင်မြင်မှုတွေ အများကြီးရယူနိုင်လိမ့်မယ်လို့ အာတီတာ ယုံကြည်နေ

အာဆင်နယ်နည်းပြအာတီတာက ပက်ဂွာဒီယိုလာရဲ့နေရာမှာ အစားဝင်လာတဲ့ အန်ဇိုမာရက်စ်ကာကို မယုံကြည်နိုင်စရာကောင်းလောက်အောင် အောင်မြင်တဲ့အလုပ်မျိုး လုပ်ပြနိုင်မယ့်သူလို့ အားပေးလိုက်ပါတယ်။

ပရီးမီးယားလိဂ်ချန်ပီယံအာဆင်နယ်နဲ့ အက်ဖ်အေဖလားချန်ပီယံမန်စီးတီးတို့က လာမယ့်တနင်္ဂနွေနေ့၊ ကာဒစ်ဖ်မြို့မှာ ကွန်မြူနတီဒိုင်းပွဲစဉ် ယှဉ်ပြိုင်ကစားပါလိမ့်မယ်။ ဒါက ပြီးခဲ့တဲ့ဘောလုံးရာသီကုန်၊ ပက်ဂွါဒီယိုလာ နုတ်ထွက်သွားပြီးနောက် မာရက်စ်ကာအတွက် ပထမဆုံးဆုဖလားပွဲစဉ်လည်း ဖြစ်ပါတယ်။

မန်စီးတီးမှာ ပက်ဂွါဒီယိုလာရဲ့လက်ထောက်အဖြစ် တာဝန်ယူခဲ့ဖူးတဲ့ အာတီတာက သောကြာနေ့သတင်းစာရှင်းလင်းပွဲမှာ သူ့ရဲ့ဆရာဟောင်းကို ဂုဏ်ပြုစကား ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ ပြိုင်ဘက်မန်စီးတီးက ချဲလ်ဆီးနည်းပြဟောင်းမာရက်စ်ကာလက်အောက်မှာလည်း အင်အားတောင့်တင်းနေဆဲပဲဖြစ်မယ်လို့ အာတီတာ မျှော်လင့်နေပါတယ်။

ပက်ဂွါဒီယိုလာနဲ့ပတ်သက်ပြီး အာတီတာက "ပထမဆုံးအနေနဲ့ ပရီးမီးယားလိဂ်အတွက်ရော၊ ဒီတစ်နိုင်ငံလုံးအတွက်ပါ သူက ဘောလုံးပွဲစဉ်အပေါ် နားလည်ပုံနားလည်နည်းအသစ်တွေ လမ်းဖွင့်ပေးခဲ့ပါတယ်။ ဒီမှာ သူက ပရီးမီးယားလိဂ်ကို တခြားအဆင့်တစ်ခုဆီ မြှင့်တင်ပေးခဲ့ပါတယ်" လို့ ပြောပါတယ်။ ပက်ဂွါဒီယိုလာက မန်စီးတီးကို ဆယ်စုနှစ်တစ်ခုကြာ ကိုင်တွယ်ခဲ့ပြီး ဆုဖလားအောင်မြင်မှု ၂၀ ကြိမ်အထိ ရယူပေးခဲ့ပါတယ်။

"ကျွန်တော် သူနဲ့အတူ လေးနှစ်လောက် ရှိခဲ့ပြီး သူ နေ့တိုင်း ဘယ်လိုတွေလုပ်ဆောင်တယ်ဆိုတာကို ကိုယ်တိုင်မြင်တွေ့ခဲ့ရလို့ တကယ်ကံကောင်းပါတယ်။ ဒါက တကယ့်ကို ထူးခြား ပြောင်မြောက်တဲ့ အရာပါ။ သူက ဘောလုံးသမိုင်းမှာ အထက်မြက်ဆုံးနည်းပြလို့ ကျွန်တော် ပြောချင်ပါတယ်။ အကြောင်းရင်းတွေ အများကြီးရှိသလို သူက နိုင်ငံ တော်တော်များများမှာ ပုံစံမျိုးစုံနဲ့ အောင်မြင်အောင် လုပ်ပြနိုင်ခဲ့ပါတယ်။ ဒါကြောင့် သူ မရှိတော့ဘူးဆိုတာ ပရီးမီးယားလိဂ်အတွက် ဆုံးရှုံးမှုတစ်ခုပါပဲ" လို့ အာတီတာက ဆိုပါတယ်။

ပက်ဂွါဒီယိုလာရဲ့နောက်ဆုံးရာသီမှာ မန်စီးတီးက အက်ဖ်အေဖလားနဲ့ ကာရာဘောင်ဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့ပေမဲ့ ပရီးမီးယားလိဂ်မှာတော့ အာဆင်နယ်ရဲ့နောက်၊ ဒုတိယနေရာနဲ့ပဲ ကျေနပ်လိုက်ရပါတယ်။

ဂန်းနားတွေရဲ့ ၂၂ နှစ်ကြာ ပရီးမီးယားလိဂ်ချန်ပီယံဆုငတ်မွတ်နေမှုကို အဆုံးသတ်ပေးခဲ့တဲ့ အာတီတာက "အခုတော့ အန်ဇိုမာရက်စ်ကာရဲ့အလှည့် ရောက်လာပါပြီ။ ကျွန်တော် သူ့ကို ကောင်းကောင်းသိပါတယ်။ သူက အသင်းအတွက် ထူးခြားတဲ့အရာတွေကို ယူဆောင်လာပေးပါလိမ့်မယ်။ ကျွန်တော်သိတာကတော့ အန်ဇိုမာရက်စ်ကာမှာ တကယ့်ကို ကောင်းမွန်တဲ့အလုပ်တွေ လုပ်ပြနိုင်မယ့် စရိုက်လက္ခဏာ၊ စိတ်ဓာတ်နဲ့ အထူးသဖြင့် အသိပညာဗဟုသုတတွေ အပြည့် ရှိပါတယ်။ ဒါကြောင့်လည်း သူ့ကို ရွေးချယ်ခဲ့ကြတာပါ။ သူတို့က ဘယ်သူ့ကိုမဆို ရွေးလို့ရပေမဲ့ အန်ဇိုမာရက်စ်ကာကိုတော့ မှန်ကန်တဲ့ အကြောင်းပြချက်တွေနဲ့ ရွေးခဲ့ကြပါတယ်။ သူက အဆင့်တိုင်းမှာ ဒါကို သက်သေပြခဲ့ပြီးသားပါ။ ချန်ပီယံလိဂ်မှာရော၊ ချဲလ်ဆီးမှာပါ သူလုပ်ပြခဲ့တာတွေကို ကြည့်ရင် သူ အခု ဒီမှာလည်း အကောင်းဆုံးလုပ်ပြနိုင်မယ်ဆိုတာ ကျွန်တော်သံသယမရှိပါဘူး" လို့ ပြောကြားခဲ့ပါတယ်။