လီဗာပူးနဲ့စာချုပ်သစ်ချုပ်ဆိုဖို့ သဘောတူညီမှုရရှိတော့မယ့် ဆာလက်
လီဗာပူးကြယ်ပွင့် မိုဟာမက်ဆာလက်ဟာ ယခုရာသီကုန်မှာပဲ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး ထွက်ခွာဖို့ အလားအလာများနေတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် ယခုအခါမှာတော့ စာချုပ်သစ်ချုပ်ဆိုဖို့ သဘောတူညီမှုရရှိတော့မယ်လို့ သိရပါတယ်။
မကြာသေးမီကာလတွေမှာ အီဂျစ်လက်ရွေးစင်ကစားသမားဟာ စာချုပ်သစ်ချုပ် ထပ်မံချုပ်ဆိုဖို့မရှိဘဲ ရာသီကုန်မှာ အသင်းကနေထွက်ခွာသွားဖို့သာရှိကြောင်းကို မကြာခဏအရိပ်အမြွက်ပြောကြားထားခဲ့ပေမယ့် ယခုအခါမှာတော့ လီဗာပူးဘက်က စာချုပ်သစ်ကမ်းလှမ်းလာခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် တောင်ပံကစားသမားအနေနဲ့ အန်ဖီးလ်မှာ ဆက်လက်နေထိုင်ဖို့ရှိမရှိကို ၂၀၂၄ မကုန်မီမှာပဲ ဆုံးဖြတ်သွားဖွယ်ရှိနေပါတယ်။
လီဗာပူးပရိသတ်တွေအနေနဲ့လည်း အသင်းရဲ့ဂန္ထဝင်ကစားသမားကို ဆက်လက်ထိန်းသိမ်းထားဖို့ ဆန္ဒရှိနေကြပြီး အပြောင်းအရွှေ့ဈေးကွက် စတင်သွားမယ့် ၂၀၂၅ ဇန်နဝါရီလမတိုင်မီမှာပဲ စာချုပ်သစ်ချုပ်ဆိုစေဖို့ အလိုရှိနေကြတာဖြစ်ပါတယ်။ ရာသီတိုင်းမှာ ထိပ်တန်းခြေစွမ်းကို ထိန်းသိမ်းထားနိုင်တဲ့ ဆာလက်ဟာ ဒီရာသီမှာလည်း အန်းစလော့ရဲ့အသင်းအတွက် အထူးအရေးပါတဲ့ကစားသမားအဖြစ် ခြေစွမ်းပြကစားနေပြီး လက်ရှိကစားထားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၁၅ ပွဲမှာ ၁၃ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၉ ကြိမ်အထိပြုလုပ်ထားနိုင်ပါတယ်။
ပြီးခဲ့တဲ့ဖူလ်ဟမ်နဲ့ပွဲမှာ ဂိုးဖန်တီးမှု ၁ ကြိမ်ပြုလုပ်နိုင်ခဲ့တဲ့ ဆာလက်ဟာ လီဗာပူးကစားသမားဘဝ ပြိုင်ပွဲစုံမှာ စုစုပေါင်း ဂိုးဖန်တီးမှု ၁၀၀ အထိပြည့်မြောက်ခဲ့တာလည်းဖြစ်ပါတယ်။ အီဂျစ်သားဟာ အဆိုပါဂိုးဖန်တီးမှု ၁၀၀ ထဲမှ ၁၃ ကြိမ်ဟာ ယခုရာသီမှာပဲ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ဆာလက်ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ဘယ်လိုဆုံးဖြတ်ချက်တွေထွက်ပေါ်လာဦးမလဲဆိုတာ ပရိသတ်တွေအနေနဲ့ စောင့်မျှော်သွားရဦးမှာဖြစ်ပြီး လာမယ့် ဗုဒ္ဓဟူးနေ့မှာတော့ လီဗာပူးဟာ ကာရာဘောင်ဖလား ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ဆောက်သမ်တန်နဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။ အဆိုပါပွဲစဉ်အပြီး လာမယ့်တနင်္ဂနွေနေ့မှာတော့ အန်းစလော့ရဲ့အသင်းဟာ ခက်ခဲတဲ့ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် တော့တင်ဟမ်ကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရပါမယ်။