
နယူးကာဆယ်ဘက်က သူတို့စတားကို လက်လွှတ်မှာမဟုတ်ဘူးလို့ လီဗာပူးဂန္ထဝင် သတိပေး
လီဗာပူးအသင်းက စိတ်ဝင်စားနေပေမယ့်လည်း ဂန္ထဝင်ဟောင်း ဂျွန်အဲလ်ဒရစ်ချ်က နယူးကာဆယ်အနေနဲ့ သူတို့စတားကို အခုနွေရာသီမှာ လက်လွှတ်မယ်လို့ မမြင်မိကြောင်း အခိုင်အမာပြောကြားလိုက်ပါတယ်။ အဲလ်ဒရစ်ချ်က နယူးကာဆယ်ဘက်က သူတို့စတားကို လီဗာပူးအသင်းထံ လက်လွှတ်မယ်လို့ မထင်တာဖြစ်ပါတယ်။
နယူးကာဆယ်ဟာ အီဆက်ကို စာချုပ်သက်တမ်းတိုးဖို့ လုပ်ဆောင်နေပေမယ့် အဆင်မပြေတာကြောင့် ကမ်းလှမ်းမှုတွေကို လက်ခံနိုင်တာဖြစ်ပါတယ်။ လက်ရှိမှာ လီဗာပူးဟာ ဝီရက်ဇ် ၊ ဖရင်းပေါင် နဲ့ ကာကက်ဇ်တို့ကို ခေါ်ယူထားနိုင်ခဲ့ပြီး နောက်ထပ်ထိပ်တန်းအပြောင်းအရွှေ့တစ်ခုကို ထပ်မံလုပ်ဆောင်ဖို့ ပြင်ဆင်နေပါတယ်။ ဒါပေမယ့်လည်း အဲလ်ဒရစ်ချ်က နယူးကာဆယ်ဘက်က အလွယ်တကူလက်လွှတ်မယ်လို့ မမြင်မိကြောင်း ပြောကြားလာခဲ့ပါတယ်။
“လီဗာပူးဘက်က တိုက်စစ်နေရာအတွက် အားဖြည့်ချင်နေမှာပါ။ ဒါဝင်နူနက်ဇ်နေရာကို အစားထိုးမယ်ဆိုရင် ဘယ်သူ့ကိုခေါ်မလဲဆိုတာ စဉ်းစားမှာပါ။ ဝီရက်ဇ်ကို false nine အဖြစ်ထားကစားမှာလား။ ကျွန်တော့်အတွက် အီဆက်က လီဗာပူးအသင်းတိုက်စစ်အတွက် ပြီးပြည့်စုံတဲ့ကစားသမားဖြစ်လာနိုင်ပါတယ်။ သူ့ကိုသာခေါ်ယူနိုင်မယ်ဆိုရင် တကယ်ကောင်းတဲ့ခေါ်ယူမှုဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် နယူးကာဆယ်ဘက်က သူတို့စတားကို အလွယ်တကူလက်လွှတ်မယ်မထင်ပါဘူး။ တကယ်လို့ သူတို့လက်လွှတ်ခဲ့ရင်တောင် မြင့်မားတဲ့ငွေကြေးတစ်ရပ်တောင်းဆိုမှာပါ။
အသင်းဟောင်းဘက်က ဘယ်လိုစီစဉ်ထားလဲဆိုတာ ကျွန်တော်မသိပါဘူး။ ဒါပေမယ့် သူတို့ တစ်ခုခုလုပ်ဆောင်ဖို့ဆိုရင် ရာသီသစ်မတိုင်ခင် လုပ်ဆောင်ရမှာပါ။ လီဗာပူးဘက်က ဒီယက်ဇ်ကိုလည်း အလွတ်နဲ့လက်မလွှတ်ချင်လောက်ပါဘူး။ အသင်းထက်ပိုကြီးတဲ့ကစားသမားဆိုတာ မရှိပါဘူး။ အခုချိန်မှာ နောက်ထပ်လီဗာပူးစတားတစ်ဦးရဲ့စာချုပ်အခြေအနေကို လိုချင်မှာမဟုတ်ပါဘူး။ အာနိုးလ်ဘယ်လိုဖြစ်သွားလဲဆိုတာ အားလုံးမြင်မှာပါ။ တကယ်လို့ ကျွန်တော်သာဆိုရင် ဒီယက်ဇ်ကို စာချုပ်သစ်ချုပ်ဆိုမှာပါ။ ကျွန်တော် သူ့ကိုဆက်နေစေချင်ပါတယ်”လို့ အဲလ်ဒရစ်ချ်က ပြောကြားခဲ့ပါတယ်။
စလော့ဟာ ဂျိုတာ ၊ ဒီယက်ဇ် နဲ့ ဒါဝင်နူနက်ဇ်တို့ကို အသုံးများနေတာဖြစ်ပြီး ဂျိုတာကတော့ အခုလအစောပိုင်းတုန်းက ကားအက်ဆီးဒင့်ကြောင့် ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ အီဆက်အခြေအနေက အခုအပြောင်းအရွှေ့လက်ကျန်အချိန်မှာ စောင့်ကြည့်ရမှာဖြစ်ပြီး လီဗာပူးအနေနဲ့ နောက်ထပ်စံချိန်တင်ပြောင်းရွှေ့ကြေးပေးမလားဆိုတာလည်း ထပ်မံစောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။