The network connection is lost.

Banner Image

လာမိုင်းယာမယ်လ် ဒဏ်ရာပြဿနာမရှိကြောင်း ရှင်းလင်းပြောကြားလာတဲ့ ဟန်ဆီဖလစ်

ဘာစီလိုနာနည်းပြ ဟန်ဆီဖလစ်က ကြာသပတေးနေ့နံနက် ဒေါ့မွန်ကို ၄-၀ နဲ့အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ အသင်းရဲ့ပါရမီရှင်တောင်ပံကစားသမားလေး လာမိုင်းယာမယ်လ်ဟာ ပွဲပြီးကာနီးမှ လူစားလဲခံခဲ့ရပေမယ့် ဒဏ်ရာပြဿနာကြုံတွေ့ထားရခြင်းမရှိကြောင်း ရှင်းလင်းပြောကြားလာခဲ့ပါတယ်။ 

ဘာစီလိုနာပရိသတ်တွေအနေနဲ့ ယာမယ်လ်ကို ဒဏ်ရာပြဿနာကြောင့် လူစားလဲခဲ့ရတယ်လို့ ယူဆပြီး စိုးရိမ်ပူပန်မှုတွေမြင့်တက်နေတာကြောင့် ဖလစ်က အခုလို ရှင်းပြလာခဲ့တာဖြစ်ပါတယ်။ ဆယ်ကျော်သက်အရွယ် စူပါစတားဟာ ယခုပွဲစဉ်မှာ ဘာစီလိုနာအတွက် အလွန်အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ကစားပေးနိုင်ခဲ့ပြီး သွင်းဂိုးလည်းရယူနိုင်ခဲ့ပါတယ်။ 

ဘာစီလိုနာအတွက်ဂိုးတွေကို တိုက်စစ်မှူး ရောဘတ်လီဝန်ဒေါစကီးက ၂ ဂိုး၊ ရာဖင်ဟာနဲ့ ယာမယ်လ်တို့က ၁ ဂိုးစီသွင်းယူပေးခဲ့ကြတာဖြစ်ပြီး နောက်တစ်ဆင့်သို့တက်ရောက်နိုင်ဖို့ သေချာလောက်တဲ့အခြေအနေကို ဖန်တီးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ဘာစီလိုနာအနေနဲ့ ဆီမီးဖိုင်နယ်အဆင့်သို့တက်လှမ်းနိုင်မယ်ဆိုရင်တော့ ဘိုင်ယန်မြူးနစ် သို့မဟုတ် အင်တာမီလန်နဲ့တွေ့ဆုံသွားမှာဖြစ်ပါတယ်။ ယခုပွဲစဉ်အတွင်း ယာမယ်လ်ဟာ ပွဲကစားချိန် ၈၆ မိနစ်အရောက်မှာ အရန်ခုံတန်းဘက်သို့ လူစားလဲဖို့ လိုအပ်ကြောင်း အချက်ပြခဲ့တာကြောင့် ဖလစ်က အန်ဆူဖာတီကို ထည့်သွင်းပြီး ယာမယ်လ်ကို ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။ 

ဒီရာသီမှာ ယာမယ်လ်ဟာ ဘာစီလိုနာအတွက် အလွန်အရေးပါတဲ့ ကစားသမားအဖြစ် ရပ်တည်ထားနိုင်ပြီး အသင်းနဲ့အတူ ဆုဖလား ၄ လုံးဆွတ်ခူးနိုင်ဖို့ အခွင့်အရေးကိုလည်း ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဇန်နဝါရီမှာ အယ်လ်ကလက်စီကိုပြိုင်ဘက် ရီးရဲလ်မက်ဒရစ်ကို ၅-၂ နဲ့အနိုင်ယူပြီး စပိန်စူပါဖလားကို ဆွတ်ခူးထားတဲ့ ဘာစီလိုနာဟာ လာလီဂါအမှတ်ပေးဇယားကို ဦးဆောင်နေပြီး၊ ချန်ပီယံလိဂ်မှာလည်း ဆီမီးဖိုင်နယ်အဆင့်အထိ ရောက်ဖို့သေချာနေသလို၊ ကိုပါဒယ်ရေးမှာ ဗိုလ်လုပွဲသို့ တက်လှမ်းထားနှင့်ပြီလည်းဖြစ်ပါတယ်။ 

ဒါကြောင့် ရာသီကုန်လာဖို့နီးကပ်လာတာနဲ့အမျှ အရေးကြီးပွဲစဉ်တွေကစားဖို့ရှိနေတဲ့ ဘာစီလိုနာအတွက် ယာမယ်လ်လို ကစားသမားမျိုးက မဖြစ်မနေအသင်းမှာ ရှိနေဖို့လိုအပ်နေတာဖြစ်ပါတယ်။ ပရိသတ်တွေအနေနဲ့ စပိန်လက်ရွေးစင်ရဲ့ အခြေအနေကို စိုးရိမ်နေကြပေမယ့် ဟန်ဆီဖလစ်က "လာမိုင်းယာမယ်လ်မှာ ဒဏ်ရာပြဿနာမရှိပါဘူး။ သူအခြေအနေကောင်းပါတယ်။ သူ ပွဲဆက်တွေအများကြီးကစားထားလို့ အနားယူဖို့လိုအပ်နေရုံသက်သက်ပါ" လို့ရှင်းလင်းပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ဖလစ်က "ဒီပွဲမှာ အန်ဆူဖာတီ အချိန်အနည်းငယ်ပါဝင်ကစားနိုင်ခဲ့တာ အသင်းအတွက်အရေးကြီးပါတယ်။ လေကျင့်ရေးကွင်းမှာ သူအတော်လေးအခြေအနေကောင်းနေပါပြီ။ ဒါကြောင့်အသင်းအတွက် ပါဝင်ကစားပေးဖို့ ထိုက်တန်ပါတယ်။ ယာမယ်လ်အတွက် အနားယူတာကောင်းသလို၊ ဖာတီအခုလို ပါဝင်ကစားနိုင်တာလည်း ကောင်းပါတယ်" လို့ပြောကြားခဲ့ပါတယ်။