The network connection is lost.

Banner Image

ပီအက်စ်ဂျီနဲ့ ချန်ပီယံလိဂ်ပွဲကြီးပွဲကောင်းမတိုင်ခင် အရေးပေါ်ခံစစ်ပိုင်းအစီအမံကို ရေးဆွဲနေတဲ့ ဟန်စီဖလစ်ခ်

ပီအက်စ်ဂျီနဲ့ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ်ပွဲကြီးပွဲကောင်းမတိုင်မီ ဘာစီလိုနာနည်းပြဟန်စီဖလစ်ခ်က ခံစစ်ပိုင်းအတွက် ကွင်းလယ်ကစားသမားတွေကို အသုံးပြုသွားဖို့ စဉ်းစားနေပါတယ်။

ဆီဗီလာကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်နောက်ပိုင်း အဲရစ်ဂါစီယာနဲ့ ကွန်ဒီတို့ ဒဏ်ရာရရှိနေလို့ ကတ္တလန်ကလပ်အသင်းအတွက် ခံစစ်ပိုင်းအကျပ်အတည်း ရင်ဆိုင်နေရပါတယ်။

ဒါ့အပြင် ခြေထောက်ဒဏ်ရာမသက်သာသေးတဲ့ ဂျရတ်မာတင်လည်း ပါဝင်ကစားဖို့ မသေချာသေးလို့ ဟန်စီဖလစ်ခ်မှာ ခံစစ်ပိုင်းအတွက် ရွေးချယ်စရာ နည်းပါးလာခဲ့ပါတယ်။

အခုလိုအခက်အခဲတွေ ရှိနေပေမဲ့လည်း ဂျာမန်လူမျိုးနည်းပြကတော့ ဥရောပချန်ပီယံကို ဘာစီလိုနာအသင်း အကောင်းဆုံး ယှဉ်ပြိုင်နိုင်တယ်လို့ ယုံကြည်နေပါတယ်။

"ဒီဂျောင်ကစားနိုင်သလို ကမ်ပို့စ်လည်း ကျွန်တော်တို့နဲ့အတူ ရှိနေပါတယ်။ အရာအားလုံး အဆင်ပြေသွားမယ်ဆိုတာ သေချာပါတယ်။ ကျွန်တော်တို့အတွက် အကောင်းဆုံးအချိန်ကာလကို ဖြတ်သန်းနေရတာမျိုး မဟုတ်ပေမဲ့ ဒါကို ကျွန်တော်တို့ လက်ခံရပါမယ်" လို့ မီဒီယာတွေဆီ ဟန်စီဖလစ်ခ်က ပြောကြားခဲ့ပါတယ်။

"မနက်ဖြန်ပွဲစဉ်က ကျွန်တော်တို့အတွက် ကောင်းမွန်တဲ့ စမ်းသပ်မှုတစ်ခု ဖြစ်မယ်လို့ ထင်ပါတယ်။ နောက်ဆုံး ၁၁ ပွဲဆက် အနိုင်ရထားတဲ့ အသင်းပီပီ ကျွန်တော်တို့အသင်းကို ယုံကြည်မှုအပြည့်နဲ့ ကစားစေချင်ပါတယ်။ လွန်ခဲ့တဲ့နှစ်နှစ်အတွင်း ကမ္ဘာ့အကောင်းဆုံးပြိုင်ဘက်အသင်းနဲ့ ကျွန်တော်တို့ ရင်ဆိုင်ရဖို့ရှိနေပြီး ဒါ ကျွန်တော်တို့အတွက် အခွင့်အလမ်းကောင်းတစ်ရပ် ဖြစ်ပါတယ်" လို့ ဆိုပါတယ်။