အန်ဆူဖာတီကို အပြီးသတ်ခေါ်ယူပြီးနောက်မှာ ဒုတိယမြောက် ဘာစီလိုနာကြယ်ပွင့်တစ်ဦးကိုပါ ထပ်မံခေါ်ယူရန် မိုနာကို စီစဉ်နေ
မိုနာကိုအသင်းဟာ အန်ဆူဖာတီကို အပြီးသတ်ခေါ်ယူမယ့် အစီအစဉ် ပြီးဆုံးသွားတာနဲ့ ဘာစီလိုနာအသင်းရဲ့ မာ့ခ်ကတ်ဆာဒိုကို ထပ်မံခေါ်ယူဖို့အတွက် စီစဉ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
အသက် ၂၃ နှစ်အရွယ် ဖာတီဟာ ပြီးခဲ့တဲ့ရာသီက မိုနာကိုအသင်းမှာ အငှားနဲ့ လာရောက်ကစားခဲ့ပြီး ပြိုင်ပွဲစုံ ၃၀ ပွဲမှာ ၁၂ ဂိုး သွင်းယူပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။
မိုနာကိုအသင်းအနေနဲ့ အငှားစာချုပ်မှာပါဝင်တဲ့ ယူရို ၁၁ သန်းနဲ့ အပြီးသတ်ဝယ်ယူခွင့်ကို အသုံးချပြီး ဖာတီကို အပြီးသတ်ခေါ်ယူသွားဖို့ မျှော်လင့်ရပါတယ်။
Mundo Deportivo ရဲ့ ဖော်ပြချက်အရ မိုနာကိုအသင်းဟာ ကတ်ဆာဒိုရဲ့ အေးဂျင့်ဖြစ်သူ ဂျော့ချ်မန်ဒက်စ်နဲ့ တွေ့ဆုံပြီး ကစားသမားကို ခေါ်ယူနိုင်မယ့် အခြေအနေတွေနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
အသက် ၂၂ နှစ်အရွယ် ကတ်ဆာဒိုကို ဥရောပထိပ်တန်းကလပ်အသင်း အတော်များများက စိတ်ဝင်စားနေကြသလို ဘာစီလိုနာအသင်းဘက်ကလည်း နွေရာသီမှာ ကစားသမားသစ်တွေ ပြန်လည်ဝယ်ယူဖို့ ရန်ပုံငွေရှာဖွေနေတာကြောင့် သူဟာ ဒီနွေရာသီမှာပဲ အသင်းကနေ ထွက်ခွာဖို့ များနေပါတယ်။