
ကစားသမားသစ်အန်ဒိုက လီဗာပူးနဲ့ အံမဝင်သေးဘူးလို့ ပြောဆိုလိုက်တဲ့ ယာဂန်ကလော့ပ်
ယမန်နေ့ညပိုင်း၊ စိန့်ဂျိမ်းပတ်ခ်မှာ နယူးကာဆယ်ကို ကစားသမား တစ်ဦးလျော့အနေအထားမှာပဲ Comeback ဖြင့် အနိုင်ယူခဲ့ပြီးနောက် ကစားသမားသစ်အန်ဒိုဟာ လီဗာပူးအသင်းကစားကွက်နဲ့ အံမဝင်သေးဘူးလို့ နည်းပြယာဂန်ကလော့ပ်က ပြောဆိုလိုက်ပါတယ်။
လွန်ခဲ့တဲ့ကိုးရက်ခန့်ကပဲ လီဗာပူးဆီ တရားဝင်ရောက်ရှိလာတဲ့ ဂျပန်လက်ရွေးစင်အသင်းခေါင်းဆောင်က ပြီးခဲ့တဲ့သီတင်းပတ်၊ ဘုန်းမောက်ကို အနိုင်ရရှိတဲ့ပွဲစဉ်ကို အန်ဖီးလ်ကလပ်အတွက် ပွဲဦးထွက်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့ပါတယ်။ ဒါကြောင့်ပဲ နည်းပြကလော့ပ်က နယူးကာဆယ်နဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်မှာ အန်ဒိုကို ပွဲထွက်ခွင့်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဒီပွဲစဉ်ရဲ့ ပထမဆုံးပွဲချိန်အတွင်း လီဗာပူးက အဲဗာတန်ကစားသမားဟောင်း ဂေါ်ဒွန်ရဲ့ဦးဆောင်ဂိုးကို ခွင့်ပြုပေးခဲ့ရသလို တိုက်ရိုက်အနီကတ်ပြသခံရတဲ့ အသင်းခေါင်းဆောင်ဗန်ဒိုက်ကိုလည်း လက်လွှတ်ခဲ့ရပါတယ်။ ဒါပေမယ့် လက်ကျန်ပွဲချိန်တွေမှာ လီဗာပူးက ပြိုင်ဘက်နဲ့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ပြီး လူစားဝင်ကစားသမားဒါဝင်နူနက်ဇ်ရဲ့ နောက်ကျသွင်းဂိုးနှစ်ဂိုးနဲ့အတူ ချိုမြိန်တဲ့နိုင်ပွဲတစ်ခုကို ဖော်ဆောင်ရင်း ထိုက်တန်တဲ့အနိုင်သုံးမှတ်နဲ့အတူ အိမ်ပြန်ခရီးစဉ်လှပစေခဲ့ပါတယ်။
အန်ဒိုကလည်း စိန့်ဂျိမ်းပတ်ခ်ကွင်းမှာ လီဗာပူးအတွက် ၅၈ မိနစ်ကြာ ပါဝင်ကစားပေးခဲ့ပြီး သူက ပွဲအပြီးမှာ နည်းပြကလော့ပ်ထုတ်ပြောလာတဲ့ ကစားသမားတွေအနက် တစ်ဦးအဖြစ် ပါဝင်လာခဲ့ပါတယ်။
Sky Sports နဲ့တွေ့ဆုံချိန် ကလော့ပ်က “ဗန်ဒိုက်ကတော့ ဒီပွဲစဉ်ရလဒ်ပိုင်းနဲ့ ပတ်သက်ပြီး တကယ့်ကို ကျေးဇူးတင်နေပါတယ်။ အားလုံးကောင်းပါတယ်။ ကစားသမားတွေ ဝင်ကစားခဲ့တယ်။ ကွင်ဆာလည်း ဝင်ကစားခဲ့တယ်။ ဂျိုးဂိုးမက်ဇ်ဆိုလည်း အစောပိုင်းပွဲချိန်တွေမှာပဲ တကယ့်စူပါပွဲစဉ်တစ်ခုကို ခြေစွမ်းပြကစားခွင့်ရရှိခဲ့ပါတယ်။ ကျွန်တော်တော့ သူ့အတွက် အရမ်းပျော်ရွှင်မိပါတယ်။ အန်ဒိုကတော့ ကျွန်တော်တို့ အမှန်တကယ်လုပ်ရမယ့်အလုပ်နဲ့ ပတ်သက်လို့ လုံးဝနားမလည်သေးပါဘူး။ မက်အယ်လစ္စတာနဲ့ ဆိုဘိုဆလိုင်းတို့က ကွင်းလယ်ခံစစ်အတွဲအဖြစ် တောက်ပခဲ့ပါတယ်။ ဂျိုတာရဲ့ကစားပုံကလည်း အလွန်အကျိုးရှိခဲ့ပါတယ်။ တခါတလေ ဒီလိုဇာတ်လမ်းမျိုးမှာ ကစားသမား ၁၁ ဦးနဲ့အတူ နိဂုံးချုပ်ခွင့်ရမယ်ဆိုရင် ကျွန်တော့်အတွက် ပိုပြီးပျော်ရွှင်ရလိမ့်မယ်ဆိုတာ သိသာပါတယ်”လို့ ပြောပါတယ်။
အခုနိုင်ပွဲကြောင့် လီဗာပူးက နှစ်ပွဲနိုင်၊ တစ်ပွဲသရေ ရလဒ်ပိုင်းဖြင့် ပရီးမီးယားလိဂ်ရာသီသစ်ကို ရှုံးပွဲမရှိ ဖြတ်သန်းနေပါတယ်။