The network connection is lost.

Banner Image

အဓိကကစားသမားတွေ လက်လွှတ်လိုက်ရပေမဲ့ နယူးကာဆယ်ပရိသတ်တွေ မျှော်လင့်နိုင်မယ့်အရာကို ဖွင့်ဟလာတဲ့ နည်းပြသစ် ဂျေဆဲလ်

အခုနွေရာသီမှာ အဓိကကစားသမားတွေ တစ်ဦးပြီးတစ်ဦး လက်လွှတ်ထားရတဲ့ နယူးကာဆယ်အသင်းဆီ ဘာတွေ သယ်ဆောင်လာပေးမလဲဆိုတာကို နည်းပြသစ်မားကပ်စ်ဂျေဆဲလ်က ပြောပြလာပါတယ်။

နယူးကာဆယ်အသင်းက အခုနွေရာသီစျေးကွက်မှာ ဂူမာယေးစ်၊ တိုနာလီ၊ ဂေါ်ဒွန်တို့လို ကစားသမားတွေအပြင် နည်းပြအက်ဒီဟိုဝီကိုပါ လက်လွှတ်ထားရပြီး အသင်းအတွင်းပိုင်းမှာ အပြောင်းအလဲတွေ အကြီးအကျယ်ထွက်ပေါ်နေပါတယ်။

နယူးကာဆယ်စီအီးအိုဒေးဗစ်ဟော့ကင်ဆန်ကိုယ်တိုင် "ရော့ခ်စတား"လို့ တင်စားထားတဲ့ ဂျေဆဲလ်အတွက်တော့ တကယ့်ကိုခက်ခဲလွန်းတဲ့တာဝန်တစ်ခုကို ရယူမှုဖြစ်ပြီး အသင်းအတွက် အနိမ့်ဆုံး ဥရောပဝင်ခွင့်စိန်ခေါ်ချင်တယ်ဆိုရင်တောင် ကစားသမားသစ်တွေ ခေါ်ယူဖို့ မဖြစ်မနေ လိုအပ်နေပါတယ်။

အသက် ၃၈ နှစ်အရွယ်ဂျေဆဲလ်က ဆော်ဒီကလပ်အယ်လ်အာလီမှ နယူးကာဆယ်ဆီ စာချုပ်ဖျက်သိမ်းကြေး ပေါင် ၉ ဒဿမ ၅ သန်းဖြင့် ရောက်ရှိလာပါတယ်။ ဒီဂျာမန်လူမျိုးနည်းပြအပေါ် အသင်းရဲ့ယုံကြည်မှု အများကြီးရှိထားသလို သူကိုယ်တိုင်လည်း ခက်ခဲလှတဲ့တာဝန်ကြီးမှာ ဘယ်လိုတန်ဖိုးထားမှုတွေကို အခြေခံပြီး လုပ်ဆောင်သွားမလဲဆိုတာကို ပြောပြလာပါတယ်။

"အမြဲတမ်း တိုက်စစ်အားပြုမယ်။ တကယ့်ကို အားပါပြင်းထန်တဲ့ ကစားဟန်မျိုးပေါ့။  ပြီးတော့ တိုက်ရိုက်ထိုးဖောက်တဲ့ ပုံစံမျိုးနဲ့ ကျွန်တော်တို့ ဘောလုံးကစားသွားပါမယ်"

"ဒါက နယူးကာဆယ်ရဲ့ပင်ကိုယ်စရိုက်လက္ခဏာနဲ့ လုံးဝင်အံဝင်ခွင်ကျဖြစ်မယ်လို့ ထင်ပါတယ်။ နောက်ပြီး ကျွန်တော့်မှာ ညှိနှိုင်းလို့မရတဲ့ စံနှုန်းတချို့လည်း ရှိပါတယ်။ ဝန်ထမ်းတွေနဲ့လည်း ဒီအကြောင်းချင်းရာကို ပြောပြီးပါပြီ။ ကျွန်တော် အမြဲသုံးစွဲလေ့ရှိတဲ့ အချက်သုံခုကတော့ ယုံကြည်မှု၊ လေးစားမှုနဲ့ အစွမ်းကုန်ပေးဆပ်မှုတို့ပဲ ဖြစ်ပါတယ်"

"လူတိုင်းသာ တစ်လှေတည်းစီး၊ တစ်ခရီးတည်းသွားမယ်ဆိုရင် ဒါက တကယ့်ကိုအောင်မြင်တဲ့ ခရီးစဉ်တစ်ခု ဖြစ်လာပါလိမ့်မယ်။ ရာသီသစ်စတင်ဖို့ သီတင်းပတ်သုံးခုလောက်ပဲ လိုတော့လို့ အခုအချိန်ကို အကူးအပြောင်းကာလလို့ ပြောရပါလိမ့်မယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်း နည်းပြဟောင်းအက်ဒီဟိုဝီတည်ဆောက်သွားတဲ့ အံ့ဩစရာအခြေခံကောင်းတွေကို ကျွန်တော်တို့ ဆက်လက်ပုံဖော်သွားပါမယ်" လို့ ဂျေဆဲလ်က ဆိုပါတယ်။

ပြီးခဲ့တဲ့သောကြာနေ့မှာပဲ ငါးနှစ်နီးပါးကြာ တာဝန်ယူခဲ့တဲ့ အက်ဒီဟောင်းရဲ့ ရာထူးမှရုတ်တရက်ထွက်ခွာမှုကြောင့် ပရိသတ်တွေအတွက် စိုးရိမ်စရာ ဖြစ်လာခဲ့ပါတယ်။ အခုတော့ အသင်းကို အမြန်ဆုံးအဖတ်ဆည်ပေးနိုင်ဖို့ ဂျေဆဲလ်အပေါ် ပရိသတ်တွေ ယုံကြည်ထားရပါတော့မယ်။