အာဆင်နယ်မှ အဲဗာတန်သို့ နှစ်နှစ်သက်တမ်းရှိစာချုပ်ဖြင့် ပြောင်းရွှေ့သွားတဲ့ နော်ဂတ်
အဲဗာတန်အသင်းက အာဆင်နယ်အသင်းရဲ့ဒိန်းမတ်လက်ရွေးစင်ကွင်းလယ်လူ နော်ဂတ်ကို အတိအကျမဖော်ပြထားတဲ့ ပြောင်းရွှေ့ကြေးပမာဏဖြင့် အပြီးသတ်ခေါ်ယူလိုက်ပါတယ်။
ဒီဝါရင့်ကွင်းလယ်ခံစစ်ကစားသမားက ဒိန်းမတ်နိုင်ငံကိုယ်စားပြုအဖြစ် ၄၁ ပွဲ ပါဝင်ကစားထားသလို ဂန်းနားတွေရဲ့ပရီးမီးယားလိဂ်ချန်ပီယံခရီးလမ်းမှာလည်း ပါဝင်ပတ်သက်ခဲ့ပါတယ်။ သူက အဲဗာတန်နဲ့ ၂၀၂၈ ခုနှစ်၊ ဇွန်လအထိ သက်တမ်းရှိမယ့် နှစ်နှစ်စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။
နော်ဂတ်က အခုနွေရာသီမှာ မာလင်ရိုးလ်၊ တိုင်ရီကွီဂျော့ရှ်နဲ့ ဟေဒင်ဟက်နေးတို့နောက် အဲဗာတန်ရဲ့ စတုတ္ထမြောက်ကစားသမားသစ် ဖြစ်လာပါတယ်။
အပြောင်းအရွှေ့တရားဝင်ပြီးမြောက်သွားချိန် evertontv နဲ့ အင်တာဗျူးမှာ နော်ဂတ်က "ဒီကို ပြောင်းလာဖို့အတွက် အကြောင်းရင်းတွေ အများကြီး ရှိပါတယ်။ ကျွန်တော့်အတွက် အပြောင်းအလဲတစ်ခု လိုအပ်နေသလို ဘောလုံးလောကမှာ ဒီထက်ပိုပြီး အရေးပါတဲ့ အခန်းကဏ္ဍမှ ကစားချင်နေပါတယ်။ ဒေးဗစ်မိုယက်စ်အပြင် ကလပ်အသင်းတာဝန်ရှိသူတွေနဲ့ စကားပြောဖြစ်တဲ့အခါ သူတို့ရဲ့စီမံကိန်းတစ်ခုလုံးကို ကြားသိခဲ့ရပြီး တကယ်ကို စိတ်ဝင်စားမိသွားပါတယ်။။ ဒီကို ရောက်လာချိန်မှာတော့ အဲဒီခံစားချက်က ပိုပြီး ခိုင်မာလာပါတယ်" လို့ သူက ဆိုပါတယ်။
"ပြီးတော့ အဲဗာတန်နဲ့ရင်ဆိုင်ကစားခဲ့ဖူးတဲ့ အတိတ်အတွေ့အကြုံတွေအရ ပရိသတ်တွေရဲ့ အားပေးမှုတွေနဲ့ ကွင်းတွင်း အငွေ့အသက်တွေကို အဲဗာတန်ကစားသမားအဖြစ် ခံစားကြည့်ဖို့ တကယ့်ကို မျှော်လင့်နေခဲ့ပါတယ်။ ကျွန်တော့်အတွက် ဂုဏ်ယူစရာပါပဲ။ ပွဲနေ့မှာတင်မက ယေဘုယျအားဖြင့်လည်း ဒီကလပ်အသင်းက ပရိသတ်တွေအတွက် ဘယ်လောက်အရေးပါသလဲဆိုတာကို အမြဲနှလုံးသွင်းထားပါမယ်။ အသင်းကို အကောင်းဆုံးကိုယ်စားပြုသွားဖို့ဆိုတာ ကျွန်တော့်ရဲ့စိတ်ဓါတ်ပိုင်းပါပဲ" လို့လည်း သူက ထည့်သွင်းပြောကြားခဲ့ပါတယ်။
"အဲဗာတန်ကစားသမားတစ်ဦးအဖြစ် ကွင်းတွင်းအငွေ့အသက်တွေကို ခံစားဖို့ မစောင့်နိုင်တော့ပါဘူး။ ဂူဒီဆင်ပတ်ခ်ကွင်းကြီးလည်း တကယ်ကို အံ့ဩစရာကောင်းခဲ့ပါတယ်။ ကွင်းကြီးတစ်ခုလုံး တုန်ခါနေတာကို ကျွန်တော် မှတ်မိနေပါတယ်။ ပြီးခဲ့တဲ့နှစ်၊ ကွင်းသစ်ဆီ ရောက်သွားချိန်မှာလည်း ကျွန်တော် အတော်လေးအံ့ဩခဲ့ရပါတယ်။ များသောအားဖြင့် ကလပ်အသင်းတွေက ကွင်းသစ်ပြောင်းရင် ပရိသတ်တွေနဲ့ရင်းနှီးနေတဲ့ အငွေ့အသက်တွေ ပျောက်ဆုံးသွားတတ်ပေမဲ့ အဲဗာတန်မှာတော့ အဲ့ဒီလိုအငွေ့အသက်တွေ အပြည့်ရှိနေတုန်းပဲဆိုတာ တွေ့ခဲ့ရပါတယ်။ ဂူဒီဆင်ပတ်ခ်ရဲ့ဝိညာဉ်ကို ကွင်းသစ်ဆီ သယ်ဆောင်လာနိုင်တယ်ဆိုတာ မြင်တွေ့ခဲ့ရပါတယ်" လို့ နော်ဂတ်က နိဂုံးချုပ်ပြောကြားသွားခဲ့ပါတယ်။