The network connection is lost.

Banner Image

ဂေါ်ဒွန် နဲ့ ရက်ရှ်ဖို့ဒ် တို့ကြားက ကိစ္စတွေက ဒီနွေရာသီမှာ အင်္ဂလန်အသင်းရဲ့ စွမ်းဆောင်ရည်ကို အာရုံပျက်စေနိုင်တယ်လို့ ရှီးယား ပြောကြား

ပရီးမီးယားလိဂ် ဂန္ထဝင် အလန် ရှီးယားဟာ အန်သိုနီ ဂေါ်ဒွန် နဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ် တို့ကြား ဖြစ်ပေါ်လာနိုင်တဲ့ ပဋိပက္ခနဲ့ ပတ်သက်ပြီး ပြောကြားခဲ့ပါတယ်။

ရပ်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ရာသီက မန်ချက်စတာ ယူနိုက်တက် အသင်းကနေ ဘာစီလိုနာ အသင်းဆီ အငှားနဲ့ သွားရောက်ကစားခဲ့တာဖြစ်ပြီး၊ ပြိုင်ပွဲစုံမှာ ၁၄ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၁၁ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

ဒါပေမဲ့ စပိန်ဘီလူးကြီး ဘာစီလိုနာအသင်းဟာ နယူးကာဆယ်အသင်းကနေ ဂေါ်ဒွန်ကို ခေါ်ယူလိုက်ပြီးနောက်မှာတော့ ရက်ရှ်ဖို့ဒ်ကို ပေါင် ၂၆ သန်းဝန်းကျင်နဲ့ အပြီးသတ်ခေါ်ယူနိုင်မယ့် အငှားစာချုပ်ပါ အချက်အလက် ရှိနေပေမယ့်လည်း သူ့ကို ဆက်လက်ခေါ်ယူဖို့ မလုပ်ဆောင်တော့ဘဲ ဆုံးဖြတ်ခဲ့ပါတယ်။

အခုအခါမှာတော့ သူတို့နှစ်ဦးဟာ အင်္ဂလန်လက်ရွေးစင်အသင်းမှာ အတူတူ ပါဝင်နေတာကြောင့် ဒီလို စိတ်အနှောင့်အယှက်ဖြစ်စရာ အခြေအနေဟာ ကမ္ဘာ့ဖလားအတွက် တိုက်ပွဲဝင်နေတဲ့ အင်္ဂလန်အသင်းရဲ့ အခွင့်အရေးတွေကို ထိခိုက်စေနိုင်မလားဆိုတာနဲ့ ပတ်သက်ပြီး ရှီးယားက ဘက်ဖဲလ် မီဒီယာကို အခုလို ပြောပြခဲ့ပါတယ်။

"ဂေါ်ဒွန်က ဘာစီလိုနာကို ပြောင်းရွှေ့သွားပြီး ရက်ရှ်ဖို့ဒ်ရဲ့ နေရာကို အစားထိုးနိုင်ခြေ ရှိနေတာက အင်္ဂလန်အသင်းအတွက်တော့ အကောင်းဆုံး အခြေအနေမျိုး မဟုတ်နိုင်ပါဘူး။ မန်နေဂျာက 'တစ်လ ဒါမှမဟုတ် ငါးပတ်လောက်ပဲ ရှိမယ့် ပြိုင်ပွဲကာလအတွင်းမှာ အားလုံး စည်းစည်းလုံးလုံးနဲ့ ကြိုးစားကြရအောင်' လို့ ပြောနိုင်ပါတယ်။ ဒါပေမဲ့ ဒါကလည်း ဖြစ်လေ့ဖြစ်ထရှိတဲ့ အသင်းတွေကြားက ပြိုင်ဆိုင်မှုမျိုးပါပဲ။ ဒါဟာ ၉၀ ပြည့်လွန်နှစ်တွေတုန်းက ကျွန်တော် အသင်းမှာ ရှိခဲ့စဉ်ကလည်း ဖြစ်ပျက်ခဲ့ဖူးတာပါပဲ"

"ဒီမေးခွန်းက ကျွန်တော်တို့ အဖြေမသိနိုင်သေးတဲ့ အရာတစ်ခုပါ၊ ဘာလို့လဲဆိုတော့ ရက်ရှ်ဖို့ဒ်အပေါ် ဘာစီလိုနာရဲ့ သဘောထားက ဘယ်လိုရှိလဲဆိုတာ ကျွန်တော်တို့ မသိလို့ပါ။ ပြီးတော့ သူတို့က မန်ယူအသင်းဆီ ပြန်သွားပြီး 'ငါတို့တော့ လူတစ်ယောက် ရထားပြီ၊ မင်းတို့ သဘောတူရင်တူ၊ မတူရင်လည်း ထားခဲ့လိုက်တော့' လို့ ပြောမလားဆိုတာ မသိနိုင်သလို၊ အဲဒီနောက်မှာ မန်ယူအသင်း ဘာဆက်လုပ်မလဲဆိုတာကလည်း သူတို့အပေါ်မှာပဲ မူတည်ပါတယ်"

"ဒါပေမဲ့ ကစားသမားတွေအနေနဲ့ ရွေးချယ်စရာ မရှိပါဘူး။ အကြီးမားဆုံး ပြိုင်ပွဲကြီးမှာ ကိုယ့်နိုင်ငံကိုယ်စားပြုပြီး ကစားနေရတာပါ။ ကျွန်တော့်အတွက်တော့ 'လာမယ့်တစ်လအတွင်းမှာ ငါ ဒါကိုပဲ အာရုံစိုက်လုပ်မယ်၊ အဲဒီနောက်ပိုင်း ဘာပဲဖြစ်ဖြစ် သူ့အလိုလို အဆင်ပြေသွားလိမ့်မယ်' လို့ တွေးတာက ပုံမှန်ပါပဲ။ ကစားသမားတွေမှာလည်း ဒီလို စိတ်ဓာတ်မျိုး ရှိနေမှာဖြစ်ပြီး၊ ကျွန်တော့်အတွက်တော့ ဒါက သိပ်ပြီး ခက်ခဲတဲ့အရာ မဟုတ်ဘူးလို့ ထင်ပါတယ်"

ရက်ရှ်ဖို့ဒ်ဟာ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာအားလုံးရဲ့ မိတ်ဆက်လွှာကနေ ဘာစီလိုနာ ဆိုတဲ့ အမည်ကို ဖြုတ်ပစ်ခဲ့တာကြောင့် ဒီအပြောင်းအရွှေ့ ပျက်ပြယ်သွားပြီဆိုတာကို ပြသနေပါတယ်။ ဒါဟာ ဂေါ်ဒွန်နဲ့ သူ့ကြားက ဆက်ဆံရေးအပေါ် သက်ရောက်မှု ရှိမလား၊ ပြီးတော့ ပြိုင်ပွဲအတွင်း အသင်းရဲ့ စွမ်းဆောင်ရည်အပေါ် ထိခိုက်မလားဆိုတာကတော့ ပြိုင်ပွဲနီးကပ်လာချိန်မှာ စိတ်ဝင်စားဖို့ကောင်းတဲ့ မေးခွန်းတစ်ခု ဖြစ်လာပါတယ်။