ဝဲလ်ဘတ်ကို ချဲလ်ဆီးဆီ ဘာကြောင့်လက်လွှတ်လိုက်ရသလဲဆိုတာ ရှင်းပြလိုက်တဲ့ ဘရိုက်တန်အကြီးအကဲ
ဘရိုက်တန်အသင်းရဲ့အမှုဆောင်အရာရှိချုပ်ပေါလ်ဘာဘာက ဒန်နီဝဲလ်ဘတ်ကို ချယ်လ်ဆီးအသင်းဆီ ပြောင်းရွှေ့ခွင့်ပေးဖို့ ဘာကြောင့် ဆုံးဖြတ်ခဲ့သလဲဆိုတာကို ဖွင့်ဟပြောကြားလိုက်ပါတယ်။
အသက် ၃၆ နှစ်အရွယ်ကစားသမားက ၂၀၂၅-၂၀၂၆ ဘောလုံးရာသီမှာ ဘရိုက်တန်အတွက် အကောင်းဆုံးခြေစွမ်းပြပြီး ပရီးမီးယားလိဂ် ၃၇ ပွဲကစားရာမှာ ၁၃ ဂိုးသွင်း၊ ဂိုးဖန်တီးမှု တစ်ကြိမ် ပြုလုပ်ခဲ့ပါတယ်။
ဒီဝါရင့်တိုက်စစ်မှူးက လွန်ခဲ့တဲ့သီတင်းပတ်အတွင်း ချဲလ်ဆီးနဲ့ နှစ်နှစ်သက်တမ်းရှိ စာချုပ်ကို ချုပ်ဆိုပြီး လီဗာပူးအသင်းခေါင်းဆောင်ဟောင်းဂျော်ဒန်ဟန်ဒါဆန်နဲ့အတူ အနောက်လန်ဒန်ကလပ်ဆီ သွားရောက်ပူးပေါင်းခဲ့ပါတယ်။ ချဲလ်ဆီးကစားသမားတွေဖြစ်တဲ့ ကိုင်စီဒိုနဲ့ ဂျော်အိုပက်ဒရိုတို့ကလည်း ဝဲလ်ဘတ်ပြောင်းရွှေ့လာမှုကို ထောက်ခံအားပေးခဲ့ကြပါတယ်။
ဝဲလ်ဘတ်ထွက်ခွာမှုနဲ့ပတ်သက်လို့ ဘရိုက်တန်အကြီးအကဲဘာဘာကတော့ သင့်တင့်လျောက်ပတ်တဲ့အချိန်မှာ ဖြစ်ပေါ်လာတဲ့ ကိစ္စလို့ သုံးသပ်ခဲ့ပါတယ်။
"ပတ်ဝန်းကျင်ရဲ့ခံစားချက်တွေကို ကျွန်တော်တို့ နားလည်ပါတယ်။ ဝဲလ်ဘတ်က ပြီးခဲ့တဲ့ခြောက်နှစ်တာကာလတလျှောက် အံ့ဩစရာကောင်းလောက်အောင် လုပ်ပြသွားခဲ့လို့ ကျွန်တော်တို့အားလုံး စိတ်မကောင်းဖြစ်ရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က စီးပွားရေးအမြင်နဲ့ရော၊ လာမယ့်ဘောလုံးရာသီမှာ နည်းပြဟာဇလာအတွက် ကစားသမားသစ်တွေ နေရာပေးဖို့အတွက်ပါ ထည့်သွင်းစဉ်းစားရပါတယ်" လို့ ဘာဘာက ဆိုပါတယ်။
"တကယ်လို့ ကျွန်တော်တို့က ဝဲလ်ဘတ်ကို ရာသီအဖွင့်လေးငါးပွဲလောက် ကစားခိုင်းလိုက်လို့ ဒဏ်ရာရသွားမယ်ဆိုရင် 'ဘာလို့ အသက် ၃၆ နှစ်အရွယ် လူကြီးကိုပဲ အားကိုးနေရတာလဲ' ဒါမှမဟုတ် 'ဒါ မဖြစ်သင့်ဘူး၊ ကြိုစဉ်းစားထားရမယ့်ကိစ္စပဲ' ဆိုပြီး လူတွေ ဝေဖန်ကြပါဦးမယ်"
"ကျွန်တော်တို့က ဒီအချက်တွေကို အသေအချာ စဉ်းစားပြီးမှ ဆုံးဖြတ်ခဲ့တာပါ။ ကျွန်တော်တို့ရော၊ ဝဲလ်ဘတ်ပါ အခုလို ဆုံးဖြတ်ခဲ့ပြီး နှစ်ဦးနှစ်ဖက်လုံးအတွက် မှန်ကန်တဲ့ ရွေးချယ်မှုလို့ ယူဆပါတယ်" လို့ ဘာဘာက ရှင်းပြခဲ့ပါတယ်။
BBC Radio Sussex နဲ့ အင်တာဗျူးမှာလည်း ဘာဘာက ဝဲလ်ဘတ်ကို ကွင်းတွင်းကွင်းပြစံပြပုဂ္ဂိုလ်တစ်ဦးအဖြစ် ချီးကျူးခဲ့ပေမဲ့ ဘရိုက်တန်မှာ သူ့နေရာကို အစားထိုးဝင်ရောက်မယ့် လူငယ်တွေ အများကြီးရှိနေပြီလို့ ပြောကြားခဲ့ပါတယ်။