ကာတစ်ဂျုံးစ်နဲ့ အချင်းများခဲ့တယ်ဆိုတဲ့ ပြောဆိုချက်ကို ပြန်လည်ရှင်းပြလာတဲ့ ဆိုဘိုဆလိုင်း
လီဗာပူးကွင်းလယ်လူဆိုဘိုဆလိုင်းက ကလပ်အသင်းဖော်ကာတစ်ဂျုံးစ်နဲ့ ကွင်းတွင်း အခြေအတင်ဖြစ်ခဲ့တယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်လို့ အရေးတကြီးကိစ္စမျိုး မဟုတ်ပါဘူးလို့ ပြန်လည်ရှင်းပြလိုက်ပါတယ်။
နယူးယောက်ရှိ Yankee Stadium မှာ ဝရက်ဇ်ဟမ်းကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲအပြီး ဆိုဘိုဆလိုင်းနဲ့ ကာတစ်ဂျုံးစ်တို့အကြား ကွင်းတွင်းအခြေအတင်ဖြစ်နေတဲ့ပုံစံကို မြင်တွေ့ခဲ့ရပါတယ်။ ပွဲစဉ်အပြီး ပရိသတ်တွေဆီ လက်ခုပ်တီးနှုတ်ဆက်ဖို့ ကွင်းတွင်းဖြတ်လျှောက်လာချိန် ကာတစ်ဂျုံးစ်၊ ဆိုဘိုဆလိုင်းနဲ့ ဆီမီကတ်စ်တို့အကြား အငြင်းပွားနေခဲ့ပါတယ်။
လူစားလဲလှယ်ချိန် ဆိုဘိုဆလိုင်းက အသင်းခေါင်းဆောင်လက်ပတ်ကို ကာတစ်ဂျုံးစ်ဆီမပေးဘဲ ဆီမီကတ်စ်ကိုသာ ပေးလိုက်လို့ အခုလိုအငြင်းပွားရခြင်းဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့တနင်္ဂနွေနေ့၊ လိဒ်ကိုရှုံးနိမ့်ခဲ့တဲ့ ခြေစမ်းပွဲစဉ်မှာတော့ ဆိုဘိုဆလိုင်းက ကာတစ်ဂျုံးစ်ဆီ အသင်းခေါင်းဆောင်လက်ပတ်ကို သေသေချာချာ ပေးအပ်ခဲ့ပါတယ်။
"ကျွန်တော်တို့သုံးဦးအကြားမှာ ငြင်းခုံနေစရာ ဘာမှမရှိပါဘူး။ ကွင်းထဲမှာ တစ်ခုခုကိုပဲ ဆွေးနွေးဖြစ်ခဲ့တာပါ" လို့ ပွဲစဉ်အပြီး ဆိုဘိုဆလိုင်းက ပြောပါတယ်။
"တကယ်တော့ ခင်ဗျားတို့(မီဒီယာတွေ)ပဲ အကြီးအကျယ်ဖြစ်အောင် လုပ်နေကြတာပါ။ နောက်တစ်ခါကျရင်တော့ အဝတ်လဲခန်းရောက်ပြီးချိန်မှသာ ဆွေးနွေးပါတော့မယ်။ စိတ်ဆိုးနေတာမျိုးလည်း မရှိပါဘူး။ အရာအားလုံး ရှင်းသွားပါပြီ၊ ကျွန်တော်တို့ အဆင်ပြေပါတယ်" လို့ သူက ဆိုပါတယ်။