The network connection is lost.

Banner Image

ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ပေါ်တူဂီအသင်းကို နည်းပြခွင့်ရရှိဖို့ ရည်မှန်းထားတယ်လို့ ထုတ်ပြောလာတဲ့ မော်ရင်ဟို

မော်ရင်ဟိုက ပေါ်တူဂီလက်ရွေးစင်အသင်းကို ကိုင်တွယ်ကာ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရခြင်းကို သူ့ရဲ့ဘဝ၊ သူ့ရဲ့ရည်မှန်းချက်ဖြစ်တယ်လို့ တင်စားလိုက်ပြီး အင်္ဂလန်လက်ရွေးစင်အသင်းနဲ့ လက်တွဲနိုင်ဖို့အတွက်လည်း တံခါးတွေ ဖွင့်လှစ်ပေးခဲ့ပါတယ်။

လက်ရှိမှာ တူရကီကလပ်အသင်းဖြစ်တဲ့ ဖီနာဘာချီနဲ့အတူ ကလပ်အသင်းလောကမှာပဲ ကျင်လည်နေတဲ့ မော်ရင်ဟိုက ပေါ်တူဂီလက်ရွေးစင်အသင်းနည်းပြဖြစ်လိုမှုကို ပွင့်ပွင့်လင်းလင်းထုတ်ဖော်ပြောဆိုထားခဲ့ပါတယ်။ အခုဘောလုံးရာသီအစောပိုင်း၊ ဘရာဇီးအသင်းကို ကိုင်တွယ်ဖို့ ချဲလ်ဆီးနဲ့ရီးရဲလ်မက်ဒရစ်နည်းပြဟောင်းဆီ ချဉ်းကပ်မှုတွေ ရှိခဲ့ဖူးပေမယ့် သူပထမဆုံးကိုင်တွယ်မယ့် လက်ရွေးစင်အဆင့်ဘောလုံးအသင်းဟာ ပေါ်တူဂီအသင်းသာ ဖြစ်ရမယ်လို့ ပြောပါတယ်။နောက်ပိုင်းမှာတော့ ဘရာဇီးအသင်းက နည်းပြသစ်အဖြစ် အန်ဆယ်လော့တီကို ခန့်အပ်ခဲ့ပါတယ်။

Sporty Net နဲ့တွေ့ဆုံချိန် မော်ရင်ဟိုက “ ၂၀၀၄ ခုနှစ်မှာ ကျွန်တော် ပေါ်တူဂီကနေ ထွက်ခွာလာခဲ့ပါတယ်။ ကိုယ့်ရဲ့အမိနိုင်ငံတော်လက်ရွေးစင်အသင်းထက် အခြားအသင်းတစ်ခုမှာ နည်းပြဖို့ဆိုတာကို ကျွန်တော်ရဲ့သွေးရင်းသားရင်းနိုင်ငံတူပြည်သူတွေ လက်ခံပေးလိမ့်မယ်လို့ မထင်ပါဘူး။ ပေါ်တူဂီလက်ရွေးစင်အသင်းနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ဖို့ကသာ ကျွန်တော့်ရဲ့ဘ၀ ဖြစ်ပါတယ်။ ဘရာဇီးအသင်းကို ကိုင်တွယ်ဖို့ ကျွန်တော် ဘယ်တုန်းကမှ မစဉ်းစားခဲ့ဖူးပါဘူး။

ကျွန်တော့်ရဲ့ပထမဆုံးအတွေ့အကြုံက ပေါ်တူဂီအသင်းနဲ့ပဲ ဖြစ်ရပါမယ်။ ပြီးရင်တော့ ပရိသတ်တွေကိုယ်တိုင်လည်း ကျွန်တော်ဟာ ပရော်ဖက်ရှင်နယ်တစ်ဦးဖြစ်တယ်ဆိုတာနဲ့ ကျွန်တော့်မှာ အခြားအသင်းတွေကိုလည်း ရွေးချယ်ပိုင်ခွင့်ရှိတယ်ဆိုတာကို နားလည်ပေးထားရပါမယ်။ ဒါပေမဲ့ ကျွန်တော်နဲ့အချိတ်အဆက်ရှိတဲ့အသင်းတွေလည်း အမြဲတမ်းရှိပါတယ်။ ဘရာဇီးဆိုရင် သိသာပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့နှစ်နိုင်ငံအကြားမှာ သမိုင်းကြောင်းအရ ဆက်စပ်ပတ်သက်မှုတွေ ရှိထားလို့ပါ။ အင်္ဂလန်ဆိုရင်လည်း ကျွန်တော့်ရဲ့အိမ်လို ဖြစ်နေပါပြီ။ အီတလီဆိုလည်း အလားတူပါပဲ၊ အဲ့ဒီမှာ ကျွန်တော်က နှစ်အတော်ကြာ ဖြတ်သန်းခဲ့ဖူးပါတယ်။။ ဒါပေမဲ့ လက်ရွေးစင်အဆင့်အတွက် ကျွန်တော့်ရဲ့ ပထမဆုံးအတွေ့အကြုံက ကိုယ့်ရဲ့အမိနိုင်ငံတော်အတွက်ပဲ ဖြစ်ရပါမယ်”လို့ ပြောပါတယ်။

လက်ရှိမှာ ပေါ်တူဂီလက်ရွေးစင်အသင်းကို ရော်ဘတ်တိုမာတီနက်ဇ် ကိုင်တွယ်နေပြီး အသင်းနဲ့အတူ အခုနွေရာသီ၊ နေးရှင်းလိဂ်ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အခုနွေရာသီကာလအတွင်း မာတီနက်ဇ်နေရာမှာ မော်ရင်ဟိုရောက်ရှိလာနိုင်တယ်ဆိုတဲ့ ထင်ကြေးပေးမှုတွေလည်း ထွက်ပေါ်နေခဲ့ပါတယ်။ ပေါ်တူဂီက လာမယ့်စက်တင်ဘာလအတွင်း အာမေးနီးယား၊ ဟန်ဂေရီတို့နဲ့ယှဉ်ပြိုင်ကစားကာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲခရီးစဉ်ကို စတင်သွားပါလိမ့်မယ်။

အလားတူ မော်ရင်ဟိုကလည်း ဖီနာဘာချီမှာပဲ ဆက်ရှိနေကာ ၂၀၂၅-၂၀၂၆ ဘောလုံးရာသီ၊ ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိဖို့ အာရုံစိုက်နေခဲ့ပါတယ်။ မော်ရင်ဟိုရဲ့အသင်းက ချန်ပီယံလိဂ်ခြေစစ်ပွဲနောက်ဆုံးအဆင့်မှာ ဘင်ဖီကာနဲ့ ရင်ဆိုင်ကစားသွားရပါမယ်။