The network connection is lost.

Banner Image

ရော်နယ်ဒိုနဲ့ အတူကစားခွင့်မရခဲ့လို့ နောင်တရမိကြောင်း ပြောကြားလာတဲ့ အမ်ဘာပေ

ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး ခီလီယန်အမ်ဘာပေက သူ့အနေနဲ့ ဘောလုံးလောကရဲ့ အတောက်ပဆုံး ကြယ်ပွင့် ၂ ပွင့်ထဲမှ လီယွန်နယ်မက်ဆီနဲ့ တွဲဖက်ကစားခွင့်ရခဲ့ပေမယ့် သူ့ရဲ့စံပြကစားသမားဖြစ်တဲ့ ခရစ္စတီယာနိုရော်နယ်ဒိုနဲ့ တွဲဖက်ကစားခွင့်မရခဲ့လို့ နောင်တရမိတယ်လို့ ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ 

အမ်ဘာပေဟာ ရော်နယ်ဒိုကို သူ့အတွက် စံပြပုဂ္ဂိုလ်တစ်ဦးအဖြစ်သတ်မှတ်ထားပြီး ပေါ်တူဂီသားရဲ့ လမ်းစဉ်နောက်ကိုလိုက်ကာ ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပါတယ်။ ဒါ့အပြင် ကစားသမားဟာ ရီးရဲလ်မက်ဒရစ်သို့စတင်ရောက်ရှိချိန်မှာလည်း ၂၀၀၉ ခုနှစ်ကရော်နယ်ဒိုပြောခဲ့တဲ့စကားအတိုင်း ဆန်တီယာဂိုဘာနေဗျူးအားကစားကွင်းကြီးထဲမှာ ပရိသတ်တွေထံသို့ “ဟာလာ မက်ဒရစ်” လို့အော်ဟစ်နှုတ်ဆက်ခဲ့ပါတယ်။ 

ယခုအခါမှာတော့ ပြင်သစ်လက်ရွေးစင်ကစားသမားက “ကျွန်တော် လီယွန်နယ်မက်ဆီ၊ နေမာ၊ အန်တိုနီဂရစ်ဇ်မန်း၊ ပေါလ်ပေါ့ဂ်ဘာ၊ ကာရင်မ်ဘန်ဇီမာတို့လို ထိပ်တန်းကစားသမားကြီးတွေနဲ့ အတူတူတွဲဖက်ကစားခွင့်ရခဲ့ပါတယ်။ ဒါပေမယ့် ရော်နယ်ဒိုနဲ့တော့ အတူတူမကစားခဲ့ရပါဘူး။ သူနဲ့သာအတူတူကစားရမယ်ဆိုရင် ကျွန်တော့်အတွက် အရမ်းပျော်စရာကောင်းခဲ့မှာပါ။ ဒါပေမယ့် သူ့လိုဂန္ထဝင်ကစားသမားတစ်ယောက်ကို ပြိုင်ဘက်အနေနဲ့ ရင်ဆိုင်ကစားခဲ့ရတဲ့အတွက်လည်း အတော်ကံကောင်းတယ်လို့ပြောရမှာပါပဲ” လို့ပြောကြားခဲ့ပါတယ်။ 

ပြီးခဲ့တဲ့နွေရာသီမှာ ပြင်သစ်မြေမှထွက်ခွာပြီး ရီးရဲလ်မက်ဒရစ်သို့အလွတ်ပြောင်းရွှေ့ကြေးနဲ့ရောက်ရှိလာခဲ့တဲ့ အမ်ဘာပေဟာ စပိန်မြေမှာ ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရပေမယ့် ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က တိုက်ကြီးများဖလား ဗိုလ်လုပွဲစဉ်မှာတော့ အသင်းအတွက်အနိုင်ဂိုးတစ်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပြီး ဆုဖလားဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ပြင်သစ်သားဟာ အသင်းသို့စတင်ရောက်ရှိပြီး မကြာမီမှာပဲ ယူအီးအက်ဖ်အေ စူပါဖလားကို ဆွတ်ခူးထားနိုင်ခဲ့လို့ လောလောဆယ်မှာတော့ အသင်းသစ်နဲ့အတူ ဆုဖလားအောင်မြင်မှု ၂ ကြိမ်အထိ ရရှိထားပြီဖြစ်ပါတယ်။ 

သို့သော်လည်း အမ်ဘာပေအနေနဲ့ လက်ရှိဂိုးသွင်းနှုန်းနဲ့ဆိုရင်တော့ ရီးရဲလ်မက်ဒရစ်အတွက် ၄၃၈ ပွဲမှာ ဂိုး ၄၅၀ အထိသွင်းယူနိုင်ခဲ့တဲ့ ရော်နယ်ဒိုရဲ့စံချိန်မှတ်တမ်းတွေကို လိုက်မီဖို့ အတော်လေးကြိုးစားရုန်းကန်သွားရဦးမှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ အမ်ဘာပေဟာ ရီးရဲလ်မက်ဒရစ်အတွက် ၂၃ ပွဲကစားထားပြီး ၁၃ ဂိုးသာသွင်းယူထားနိုင်တာကြောင့် ကလပ်ရဲ့စံချိန်တင်ဂိုးသွင်းရှင်ပေါ်တူဂီစူပါစတားကိုလိုက်မီဖို့ နောက်ထပ် ဂိုး ၄၃၀ ကျော်သွင်းယူဖို့လိုအပ်နေပါသေးတယ်။ 

လာမယ့်တနင်္ဂနွေနေ့မှာ ရီးရဲလ်မက်ဒရစ်ဟာ အရေးပါတဲ့ လာလီဂါပွဲစဉ်အဖြစ် ဆီဗီလာနဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အမ်ဘာပေအနေနဲ့ ဂိုးတွေထပ်မံသွင်းယူနိုင်မလား စောင့်ကြည့်ရပါမယ်။ ရော်နယ်ဒိုကတော့ လက်ရှိအချိန်မှာ ဆောင်းရာသီအားလပ်ရက်ကို ဆော်ဒီမြေမှာကုန်ဆုံးနေပြီး လာမယ့် ဇန်နဝါရီလ ၈ ရက်နေ့မှသာ အယ်လ်နာဆာနဲ့အတူ ပွဲစဉ်တွေ ပြန်လည်ကစားသွားရမှာဖြစ်ပါတယ်။