
နူရီနဲ့တွဲဖက်ကစားရလို့ ပျော်ရွှင်မိတယ်လို့ ဖွင့်ဟပြောဆိုလာတဲ့ ဒိုကူ
ဒီနေ့မနက်ပိုင်း၊ ဂျူဗင်တပ်စ်ကို ၅-၂ ဂိုးဖြင့် အပြတ်အသတ်ချေမှုန်းခဲ့တဲ့ ကလပ်ကမ္ဘာ့ဖလားအုပ်စုပွဲစဉ်အတွင်း အဖွင့်ဂိုးရှင်ဒိုကူက သူ့အတွက် ဂိုးဖန်တီးပေးခဲ့တဲ့ မန်စီးတီးကစားသမားသစ်အစ်နူရီကို ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ အော်လန်ဒိုမှာကစားတဲ့ပွဲစဉ်ရဲ့ ပွဲချိန်အစောပိုင်းမှာပဲ နူရီက တိုက်စစ်ဇုန်အထိလိုက်ပါလာပြီး ဒိုကူအတွက် နေရာလွတ်ရှာဖွေပေးကာ ဘောလုံးပေးပို့ခဲ့ပြီး ဘယ်လ်ဂျီယံတိုက်စစ်မှူးရဲ့ဝေ့ဝိုက်ကန်ချက်မှတဆင့် အဖွင့်ဂိုးဖြစ်ပေါ်လာခဲ့ပါတယ်။
နောက်ထပ်နှစ်မိနစ်အကြာမှာပဲ ကူမီနာစ်က ဂျူဗင်တပ်စ်အတွက် ချေပဂိုးသွင်းယူပေမယ့် ကာလူလူ(O.G)ကြောင့် မန်စီးတီးတို့ ပထမပိုင်းပွဲချိန်အပြီး ပွဲစဉ်ကို ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန်အတွင်းမှာတော့ ဟာလန်း၊ ဖိုဒန်၊ ဆာဗင်ဟိုတို့က မန်စီးတီးအတွက် သွင်းဂိုးတွေ ရယူခဲ့သလို ဂျူဗင်တပ်စ်ရဲ့ဒုတိယမြောက်ချေပဂိုးကိုတော့ ဗလာဟိုဗစ်က သွင်းယူပေးခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် မန်စီးတီးက အုပ်စုပွဲစဉ်အားလုံးအနိုင်ရရှိကာ အုပ်စုဗိုလ်အဖြစ် ရှုံးထွက်အဆင့်ဆီ တက်လှမ်းလာခဲ့ပါတယ်။
နူရီက ဝုဗ်မှ မန်စီးတီးဆီ ပြောင်းရွှေ့လာတာ ၁၇ ရက်သာ ရှိသေးပေမယ့် ကလပ်ကမ္ဘာ့ဖလားပွဲစဉ်နှစ်ခုလုံးမှာ အထင်ကြီးလောက်စရာစွမ်းဆောင်ရည်ကို ပြသခဲ့ပြီး အခုအချိန်မှာတော့ မိုးပြာရောင်တပ်သားတွေအတွက် ပထမဆုံးဂိုးဖန်တီးမှုကို ပြုလုပ်နိုင်ခဲ့ပါပြီ။ ပွဲစဉ်အပြီး ဒိုကူက “ အရိုးသားဆုံးပြောရရင် နူရီဆိုတာ ထိပ်တန်းဘောလုံးသမားကောင်းတစ်ဦး ဖြစ်ပါတယ်။ သူက အသင်းမှာ အလျှင်အမြန်ပဲ အထိုင်ကျသွားပါတယ်။ သူက တောင်ပံမှာရော၊ ဗဟိုလမ်းကြောင်းပိုင်းမှာပါ ဘယ်လိုပုံစံမျိုးနဲ့မဆို ကစားနိုင်စွမ်းရှိပါတယ်။
သူနဲ့တွဲဖက်ကစားရတာ ပျော်ဖို့ကောင်းပါတယ်။ ဒါ့အပြင် သူက ပြင်သစ်စကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်ပါတယ်။
အရိုးသားဆုံးပြောရရင် အချိတ်အဆက်ကတော့ မိနေပါပြီ။ ပြီးတော့ ကျွန်တော်တို့နဲ့အတူ နူရီရှိနေလို့ ကျေနပ်ပျော်ရွှင်မိပါတယ်။ ဒီလိုပုံစံမျိုးကွင်းတွင်းမှာလုပ်ပြဖို့ လိုအပ်နေလို့ အခွင့်အရေးတိုင်းအတွက် အထူးကျေးဇူးတင်ပါတယ်။ အရိုးသားဆုံးပြောရရင် လွတ်လွတ်လပ်လပ်ပျော်ပျော်ရွှင်ရွှင်ကစားရလို့ ကျေနပ်မိပါတယ်”လို့ ပြောပါတယ်။
ဒါ့အပြင် ဘယ်လ်ဂျီယံတောင်ပံကစားသမားက မန်စီးတီးရဲ့အခုဂိုးပြတ်နိုင်ပွဲကို ပြန်လာနိုင်မှုတစ်ခုအဖြစ် ရှုမြင်ထားပြီး နောက်ဆုံး ၁၆ သင်းရှုံးထွက်အဆင့်မှာရင်ဆိုင်ရမယ့် ပြိုင်ဘက်ကို စောင့်မျှော်နေပြီလို့ အတိအလင်းဝန်ခံပြောဆိုလိုက်ပါတယ်။
ဒိုကူက “ ကျွန်တော်တို့အသင်း ပြန်လာပြီဆိုတာ ကြေညာလိုက်တယ်လို့ပဲ ယူဆမိပါတယ်။ အခြားအုပ်စုပွဲစဉ် နှစ်ခုလုံးကို အနိုင်ရရှိခဲ့ပေမယ့် အခုတစ်ကြိမ်မှာတော့ ဥရောပထိပ်တန်းကလပ်အသင်းတစ်ခုကို အနိုင်ရရှိလိုက်တာပါ။ကျွန်တော်ကတော့ ပွဲစဉ်တိုင်းကို စောင့်ကြည့်ဖြစ်ပါတယ်။ ဒါကြောင့် နောက်တစ်ဆင့်မှာ ဘယ်သူနဲ့ရင်ဆိုင်ရမလဲဆိုတာကို သိချင်မိပါတယ်”လို့ ပြောပါတယ်။