The network connection is lost.

Banner Image

မာရော့တာအား ဥက္ကဌအဖြစ် ခန့်အပ်လိုက်တဲ့ အင်တာမီလန်ရဲ့ပိုင်ရှင်သစ် Oaktree

အင်တာမီလန်ရဲ့ ပိုင်ရှင်အသစ်ဖြစ်တဲ့ Oaktree ဟာ အင်္ဂါနေ့တွင် ဝါရင့်ဒါရိုက်တာ မာရော့တာအား ကလပ်ဥက္ကဌအဖြစ် ခန့်အပ်ခဲ့ကာ ရင်းနှီးမြုပ်နှံမှုကုမ္ပဏီက သူတို့ရဲ့စီမံခန့်ခွဲမှုကို စတင်လိုက်ပြီဖြစ်ပါတယ်။

မာရော့တာဟာ အီတလီဘောလုံးလောကတွင် အတွေ့အကြုံအရှိဆုံး ဒါရိုက်တာများထဲမှ တစ်ဦးဖြစ်ပြီး ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် ကလပ်သို့ ရောက်ရှိလာကတည်းက အင်တာမီလန်ရဲ့ အမှုဆောင်အရာရှိချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ သူဟာ ဂျူဗင်တပ်စ်ရဲ့ စီအီးအို နှင့် ဒါရိုက်တာချုပ်အဖြစ် ၈ နှစ်တာ ကာလအတွင်းအောင်မြင်မှုများရယူခဲ့ပြီးနောက် ထွက်ခွာခဲ့ပြီးနောက် အင်တာမီလန်သို့ ရောက်လာခဲ့ပါတယ်။

Oaktree ဟာ မီလန်တွင်ကျင်းပတဲ့ ရှယ်ယာရှင်များ အစည်းအဝေးတွင် ကလပ်ရဲ့ ဒါရိုက်တာဘုတ်အဖွဲ့အတွက် အဖွဲ့ဝင်အသစ် ၆ ဦးကိုလည်း ခန့်အပ်ခဲ့ပါတယ်။ "သူတို့နဲ့အတူ ဘုတ်အဖွဲ့နဲ့တွဲပြီး အလုပ်လုပ်ဖို့ ဒီအခွင့်အရေးကိုပေးခဲ့တဲ့ ယုံကြည်မှုအတွက် Oaktree ကို ကျေးဇူးတင်ချင်ပါတယ်။ ဒီခန့်အပ်မှုဟာ ပြီးခဲ့တဲ့ ၃ နှစ်အတွင်း ကလပ်ကို စီမံခန့်ခွဲခဲ့တဲ့ လူတော်တော်များများရဲ့ အံ့မခန်းလုပ်ဆောင်မှုတွေကို အသိအမှတ်ပြုခြင်းပါ။ အင်တာမီလန်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ရတာ ဂုဏ်ယူမိပြီး ကလပ်အသင်းအတွက် အမြဲသန္နိဋ္ဌာန်ချထားပါတယ်"လို့ မာရော့တာက ထုတ်ပြန်ချက်တွင် ပြောကြားထားပါတယ်။

အပြောင်းအရွှေ့ဈေးကွက်တွင် မာရော့တာရဲ့ ခေါ်ယူမှုတွေဟာ ဂျူဗင်တပ်စ်မှာရှိခဲ့တဲ့ သက်တမ်းအတွင်း အသင်းကို စီးရီးအေချန်ပီယံ ၇ ကြိမ်ဆက်အပြင် အခြားဆုဖလားများစွာနှင့် ချန်ပီယံလိဂ်ဖိုင်နယ် ၂ ကြိမ်အထိ တက်ရောက်နိုင်ခြင်းရဲ့ အဓိကသော့ချက်ဖြစ်ခဲ့ပါတယ်။ အင်တာမီလန်တွင် မာရော့တာရှိစဉ်အတွင်း အသင်းဟာ စီးရီးအေဖလား ၂ ကြိမ်အပါအဝင် ဆုဖလား ၅ ခုကိုအထိ ရရှိခဲ့ပါတယ်။

Oaktree ဟာ အင်တာမီလန်အား စီးရီးအေဖလား ပေးအပ်ပြီးနောက် ၃ ရက်အကြာ မေလ ၂၂ ရက်နေ့တွင် ကလပ်အား တရားဝင် လွှဲပြောင်းရယူခဲ့ပါတယ်။ ယခင်ပိုင်ရှင်ဖြစ်တဲ့ ဆန်နီဟာ အကြွေးယူရို သန်း ၄၀၀ နီးပါး (ဒေါ်လာ ၄၃၄ သန်း) ကို ပြန်ဆပ်ရန် နောက်ဆုံး သတ်မှတ်ရက်အတွင်း ပြန်မဆပ်နိုင်ခဲ့တာဖြစ်ပါတယ်။ ယခုအခါ အမေရိကန်ရန်ပုံငွေကုမ္ပဏီဟာ အင်တာမီလန်ရဲ့ ၉၉.၆ % ကို ပိုင်ဆိုင်ထားပြီး ကျန်အပိုင်းကိုတော့ အစုရှယ်ယာရှင်အသေးစားများက ပိုင်ဆိုင်ထားပါတယ်။

"ကျွန်တော်တို့ရဲ့ရည်မှန်းချက်က တည်ငြိမ်တဲ့လည်ပတ်မှု၊ ဘဏ္ဍာရေးစီမံခန့်ခွဲမှုနှင့် ရေရှည်တည်တံ့တဲ့တိုးတက်မှုကို အာရုံစိုက်ခြင်းဖြင့် ကလပ်ရဲ့ ရေရှည်သာယာဝပြောရေးကိုသေချာစေရန်ဖြစ်ပါတယ်"လို့ ဘုတ်အဖွဲ့ဝင်အသစ် ကန်နိုက Oaktree အတွက် ကိုယ်စားလှယ်အဖြစ် အစုရှယ်ယာရှင်များအစည်းအဝေးရဲ့ အဖွင့်မိန့်ခွန်းတွင် ပြောကြားခဲ့ပါတယ်။

ယခင် ဒါရိုက်တာဘုတ်အဖွဲ့နှင့် ဥက္ကဌဟောင်း စတီဗန်ဇန်က အဖွဲ့ဝင်အားလုံးနီးပါးကို အသစ်ဖြင့် အစားထိုးခဲ့ပြီး မာရော့တာ၊ အန်တိုနယ်လို၊ ကာရက်ဆီနှင့် မာချက်တီတို့သာ ကျန်ရှိခဲ့တာဖြစ်ပါတယ်။ "အင်တာမီလန်ရဲ့ ဒါရိုက်တာဘုတ်အဖွဲ့ဝင်အသစ်များအနေနဲ့ အင်တာမီလန်ရဲ့ အသိုင်းအဝိုင်းနှင့် အမွေအနှစ်များအတွက် ကျွန်တော်တို့ရဲ့တာဝန်ကို နားလည်ပါတယ်။ ဥက္ကဋ္ဌအနေနဲ့ မာရော့တာက ကလပ်အတွက် ခိုင်မာတဲ့ စဉ်ဆက်မပြတ်မှုတွေအပြင် အတွေ့အကြုံ၊ စိတ်အားထက်သန်မှုနဲ့ ဘောလုံးလောကရဲ့ ထင်ရှားတဲ့လုပ်ဆောင်မှု အတွေ့အကြုံတွေကနေ ပေးအပ်ပါလိမ့်မယ်" "အသင်းဥက္ကဌနဲ့ အင်တာမီလန်ရဲ့ စီမံခန့်ခွဲမှုအဖွဲ့ကို ကွင်းတွင်းရော ကွင်းပြင်ပမှာပါ အောင်မြင်မှုတွေ ဆက်လက်ရရှိစေဖို့အတွက် ဘုတ်အဖွဲ့အနေနဲ့ မျှော်လင့်နေပါတယ်" လို့ Oaktree က ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

မန်နေးဂျင်းဒါရိုက်တာနှင့် Oaktree ရဲ့ ကမ္ဘာလုံးဆိုင်ရာအခွင့်အရေး မဟာဗျူဟာအတွက် ဥရောပရဲ့ တွဲဖက်အကြီးအကဲဖြစ်တဲ့ ကန်နိုနှင့်အတူ ရာဖဲလ်၊ မက်ဒူရီ၊ လီဂိုရီ၊ နန်နန် နှင့် ဇန်နက်တွန်တို့ဟာ အသစ်ခန့်အပ်တဲ့ ဘုတ်အဖွဲ့ဝင်များဖြစ်ပါတယ်။

"ဘုတ်အဖွဲ့အသစ်တွေမှာ ၂၀၂၁ ခုနှစ်ကတည်းက ကလပ်အသင်းနှင့် ပူးပေါင်းခဲ့တဲ့ Oaktree အဖွဲ့အပါအဝင် အီတလီနှင့် ဥရောပတစ်ဝှမ်းမှ ကျွမ်းကျင်ပညာရှင်များကို စုစည်းပေးထားပါတယ်"လို့ အင်တာမီလန်ရဲ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

အင်တာမီလန်ဟာ အမေရိကန်သားတွေရဲ့ ပိုင်ဆိုင်မှုအောက်တွင် ၈ ခုမြောက် စီးရီးအေကလပ်ဖြစ်လာပါတယ်။ အခြားအသင်းတွေကတော့ အေစီမီလန်၊ အတ္တလန်တာ၊ ဖီအိုရင်တီးနား၊ ရိုးမား၊ ဂျီနိုအာ၊ ပါမားနှင့် ဗင်နီဇီယာတို့ ဖြစ်ပါတယ်။