The network connection is lost.

Banner Image

ချဲလ်ဆီးရဲ့အဝေးကွင်းစွမ်းဆောင်ရည်ညံ့ဖျင်းမှုနဲ့ပတ်သက်ပြီး ကာကွယ်ပြောဆိုလာတဲ့ မာရက်စ်ကာ

ချဲလ်ဆီးနည်းပြအန်ဇိုမာရက်စ်ကာက ဒီရာသီအသင်းရဲ့အဝေးကွင်းစွမ်းဆောင်ရည်ညံ့ဖျင်းမှုနဲ့ပတ်သက်ပြီး ကာကွယ်ပြောဆိုမှုတွေပြုလုပ်လာခဲ့ကာ ပွဲအချိန်ဇယား ပြည့်ကျပ်နေခြင်းကိုလည်း ထောက်ပြလာခဲ့ပါတယ်။ ယခုခေတ်ဘောလုံးလောကမှာ ဥရောပကလပ်အသင်းတွေဟာ ပြည့်ကျပ်နေတဲ့ပွဲအချိန်ဇယားကိုယ်စီရှိနေကြတာကြောင့် ဘောလုံးလောကအတွက် ကြီးမားတဲ့ပြဿနာတစ်ခုအဖြစ် လက်ခံထားကြပြီဖြစ်ပါတယ်။ 

ကံမကောင်းစွာနဲ့ပဲ အဆိုပါပြည့်ကျက်နေတဲ့ပွဲအချိန်ဇယားကို လျှော့ချပေးနိုင်ဖို့ ဘယ်သူကမှတတ်နိုင်ခြင်းမရှိတာကြောင့် ဥရောပထိပ်သီးကလပ်တွေဟာ ၁ ပတ်ကို ၃ ပွဲလောက်အထိပုံမှန်ကစားနေရပါတယ်။  တစ်ဖက်မှာလည်း ပွဲစဉ်တွေတောက်လျှောက်ကစားရတာကြောင့် ကလပ်အသင်းအတွက်ရော၊ ကစားသမားတွေအတွက်ပါ ဝင်ငွေတွေပိုမိုရရှိနေတာဖြစ်ပြီး ချဲလ်ဆီးကလည်း အဆိုပါထိပ်သီးအသင်းတွေထဲမှာ တစ်သင်းအပါအဝင်ဖြစ်ပါတယ်။ 

သို့သော်လည်း ပြီးခဲ့တဲ့နွေရာသီက ကလပ်ကမ္ဘာ့ဖလားကိုဆွတ်ခူးခဲ့တဲ့ချဲလ်ဆီးအနေနဲ့ နွေရာသီအားလပ်ရက်လုံလုံလောက်လောက်မရခဲ့တာကြောင့် ကစားသမားတွေအတွက် ပင်ပန်းနွမ်းနယ်မှုတွေ ပိုမိုတိုးပွားစေခဲ့ပြီး ယခုရာသီမှာ အဓိက ကစားသမားတချို့ ဒဏ်ရာပြဿနာတွေကြုံတွေ့ပြီး ရုန်းကန်နေခဲ့ရပါတယ်။ 

လာမယ့်ချန်ပီယံလိဂ်ပွဲစဉ်မှာတော့ ချဲလ်ဆီးဟာ အီတလီစီးရီးအေကလပ် အတ္တလန္တာကို အဝေးကွင်းမှာသွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး မာရက်စ်ကာက "အသင်းက အဝေးကွင်းပွဲစဉ်တွေမှာရုန်းကန်ရတယ်လို့ ပြောကြပေမယ့် ဒီရာသီပရီးမီးယားလိဂ်မှာ ကျွန်တော်တို့က အိမ်ကွင်းထက် အဝေးကွင်းမှာ အမှတ်ပိုရထားပါတယ်။ ဒါပေမယ့် ချန်ပီယံလိဂ်အဝေးကွင်း ၂ ပွဲမှာတော့ ၁ ပွဲရှုံးပြီး ၁ ပွဲသရေကျခဲ့တာမှန်ပါတယ်"

"ဘာပဲဖြစ်ဖြစ် ရာသီကုန်မှာတော့ ဒီရလဒ်တွေက ပြန်ပြီးတော့မျှတမှုရှိသွားမယ်လို့ ကျွန်တော်ထင်ပါတယ်။ အဝေးကွင်းမှာရုန်းကန်ရတာကို အသားကျနေပြီလို့ မပြောပါဘူး။ တကယ်တော့အသင်းရုန်းကန်နေရတာက အိမ်ကွင်းအဝေးကွင်းနဲ့မဆိုင်ဘဲ ပွဲစဉ်တစ်ခုနဲ့တစ်ခု အရမ်းကပ်နေတာကြောင့်လည်းပါပါတယ်။ကျွန်တော်တို့ လွန်ခဲ့တဲ့ ၂ ရက်က ၁ ပွဲကစားထားသလို၊ လွန်ခဲ့တဲ့ ၅ ရက်လောက်ကလည်း ၁ ပွဲကစားခဲ့ရပါတယ်။ ဒါပေမယ့် အခုလိုပြည့်ကျပ်နေတဲ့ပွဲအချိန်ဇယားနဲ့ အသားကျဖို့ကြိုးစားနေပါတယ်" လို့ပြောကြားခဲ့ပါတယ်။