
ယူနိုက်တက်ကစားသမားဘဝ ပွဲဦးထွက်ရာသီမှာ ကျရှုံးခဲ့လို့ နာကျင်ရတယ်လို့ မာဇရာဝီပြော
မန်ချက်စတာယူနိုက်တက်နောက်ခံလူ မာဇရာဝီက သူ့အနေနဲ့ အသင်းနဲ့အတူ ပွဲဦးထွက်ရာသီ ပရီးမီးယားလိဂ်မှာ ရှုံးပွဲတွေအများအပြားကြုံတွေ့ခဲ့ရလို့ နာကျင်မိကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။
မာဇရာဝီဟာ ပြီးခဲ့တဲ့နွေရာသီက ဘိုင်ယန်မြူးနစ်မှ အိုးလ်ထရက်ဖို့ဒ်သို့ ပြောင်းရွှေ့ကြေး ယူရို ၁၅ သန်း+အပိုဆုကြေး ၅ သန်းနဲ့ပြောင်းရွှေ့လာခဲ့ပါတယ်။ ကစားသမားဟာ ယူနိုက်တက်သို့မရောက်ခင်က အေဂျက်စ်နဲ့အတူ နယ်သာလန်အမှတ်ပေးဖလားကို ၃ ကြိမ်အထိ ဆွတ်ခူးနိုင်ခဲ့သလို၊ ဘိုင်ယန်မြူးနစ်မှာလည်း ဘွန်ဒက်စ်လီဂါအမှတ်ပေးဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။
သို့သော်လည်း ယူနိုက်တက်သို့ရောက်ရှိချိန်မှာတော့ မော်ရိုကိုလက်ရွေးစင်ဟာ အသင်းကို အပြည့်အဝကူညီနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး ယခုအခါမှာ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၁၆ နေရာအထိ ကျဆင်းနေတာဖြစ်ပါတယ်။ ဒါကြောင့် နယ်သာလန်နဲ့ ဂျာမနီမြေတွေမှ အမြင့်ဆုံးအောင်မြင်မှုတွေသိမ်းပိုက်ခဲ့တဲ့ မာဇရာဝီအတွက် အင်္ဂလန်ကတော့ အောင်မြေတစ်ခုမဟုတ်ခဲ့ဘူးလို့ ဆိုရမှာဖြစ်ပါတယ်။
ယူနိုက်တက်သို့ပြောင်းရွှေ့ခဲ့ရတဲ့အပေါ် မာဇရာဝီက "ကျွန်တော်တို့အသင်း ဒီလိုရလဒ်ဆိုးတွေနဲ့ ကြုံတွေ့နေရလို့ နာကျင်ရပါတယ်။ ကျွန်တော်က ရှုံးလေ့ရှုံးထမရှိတဲ့ အသင်းတွေမှာကစားပြီး ဒီကိုရောက်လာခဲ့တာပါ။ ကျွန်တော် ဘယ်နေရာမှာမှ ဒီလောက်မရှုံးဖူးပါဘူး။ နာကျင်ရတဲ့အခိုက်အတန့်တွေပါပဲ။ ဒါပေမယ့် ဘဝမှာ ဒီလိုနာကျင်ရတာတွေရှိတယ်ဆိုတာလည်း သိထားဖို့လိုပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ပြည်တွင်းဖလားပြိုင်ပွဲတိုင်းမှာ ရှုံးနိမ့်ခဲ့တဲ့ယူနိုက်တက်ဟာ ဥရောပမှာတော့ ယူရိုပါလိဂ်ဗိုလ်လုပွဲကို တက်လှမ်းထားနိုင်လို့ အောင်မြင်မှုရဖို့ အခွင့်အရေးရှိနေပါသေးတယ်။ တကယ်လို့ တော့တင်ဟမ်နဲ့ယှဉ်ပြိုင်သွားရမယ့် ယူရိုပါလိဂ်ဗိုလ်လုပွဲမှာသာ အနိုင်ရခဲ့ပါက ယူနိုက်တက်ဟာ ဥရောပဆုဖလားအောင်မြင်မှုသာမက နောက်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ကိုပါ ရရှိသွားဦးမှာဖြစ်ပါတယ်။
သို့သော်လည်း မာဇရာဝီကတော့ ဥရောပအောင်မြင်မှုက အသင်းရဲ့ ပရီးမီးယားလိဂ်ရလဒ်ဆိုးတွေကို အကာအကွယ်ပေးနိုင်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။ မော်ရိုကိုသားက "ကျွန်တော်တို့ ဥရောပမှာ အောင်မြင်မှုရနိုင်ပေမယ့် ပရီးမီးယားလိဂ်မှာတော့ ကျရှုံးခဲ့ပါပြီ။ ဒါတွေက အချက်အလက်တွေပါပဲ။ လူတွေက ကျွန်တော်တို့ အပတ်စဉ်အပတ်တိုင်းကစားနေတဲ့ ပရီးမီးယားလိဂ်ရဲ့ အချက်အလက်တွေကိုပဲကြည့်ပြီး ဆုံးဖြတ်ကြမှာပါ" လို့ပြောကြားခဲ့ပါတယ်။
ယူရိုပါလိဂ်ဖလားကို ဆွတ်ခူးနိုင်ပါက နာကျင်မှုတွေ လျော့နည်းနိုင်ကြောင်းကိုလည်း မာဇရာဝီက "ဆုဖလားကိုသာရရင် နာကျင်မှုတွေ လျော့နည်းသွားမှာပါပဲ။ ကိုယ့်ကိုယ်ကိုယ် ဒီဆုဖလားနဲ့ နှစ်သိမ့်နိုင်ပါလိမ့်မယ်။ ဒီရာသီက ခက်ခဲတဲ့ရာသီတစ်ခုပါ။ ဒါက ကျွန်တော့်ရဲ့ ပထမဆုံးပရီးမီးယားလိဂ်ရာသီဖြစ်ပြီး ကျွန်တော်ကစားခဲ့တဲ့ရာသီတွေတိုင်းထက် ပိုပြီးတော့ကစားခဲ့ရပါတယ်။ စိတ်ရောကိုယ်ပါနှစ်ပြီး လိုလိုချင်ချင်ပဲကစားခဲ့ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
လာမယ့်စနေနေ့နံနက်မှာတော့ ယူနိုက်တက်ဟာ ခက်ခဲတဲ့ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ချဲလ်ဆီးကို စတန်းဖို့ဒ်ဘရစ်မှာသွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး မေလ ၂၂ ရက်နေ့မှာတော့ ယူရိုပါလိဂ်ဗိုလ်လုပွဲစဉ်အဖြစ် တော့တင်ဟမ်နဲ့ ထိပ်တိုက်တွေ့ဆုံသွားရပါမယ်။