The network connection is lost.

Banner Image

ရက်ရှ်ဖို့ဒ်ပြန်ရောက်လာမှုကို ကစားသမားသစ်တစ်ဦးရရှိမှုအဖြစ် တင်စားခိုင်းနှိုင်းလိုက်တဲ့ မာဇာရာဝီ

သြဂုတ် ၁၂ ရက်၊ လိဒ်ယူနိုက်တက်နဲ့ခြေစမ်းပွဲမှာ ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရရှိပြီးနောက် မန်ချက်စတာယူနိုက်တက်နောက်ခံလူမာဇာရာဝီက မားကပ်စ်ရက်ရှ်ဖို့ဒ်ရဲ့ အသင်းနဲ့အတူ ပြန်လည်ပူးပေါင်းလာမှုကို ကစားသမားသစ်တစ်ဦး ခေါ်ယူလိုက်တဲ့ပုံစံမျိုး ဖြစ်လာနိုင်တယ်လို့ ပြောကြားလိုက်ပါတယ်။

အသက် ၂၈ နှစ်အရွယ်တိုက်စစ်မှူးရက်ရှ်ဖို့ဒ်က ၂၀၂၆-၂၀၂၇ ဘောလုံးရာသီမှာ မန်ချက်စတာယူနိုက်တက်ကစားသမားအဖြစ် ဆက်ရှိနေပြီး အသင်းလူစာရင်းမှာ ပြန်လည်ပါဝင်လာနိုင်ပါတယ်။

ဒီအင်္ဂလန်လက်ရွေးစင်ကစားသမားက နည်းပြမိုက်ကယ်ကာရစ်ရဲ့အသင်းနဲ့အတူ လေ့ကျင့်ခန်းတွေ ပြန်ဆင်းနေပေမဲ့ လိဒ်ယူနိုက်တက်နဲ့ရင်ဆိုင်ရတဲ့ ဒဗ္ဗလင်မြို့ခြေစမ်းပွဲကိုတော့ ပါဝင်ကစားဖို့ စောလွန်းနေသေးတယ်လို့ သတ်မှတ်ခံခဲ့ရပါတယ်။

ပွဲစဉ်အပြီး ITV နဲ့ အင်တာဗျူးမှာ သရဲနီနောက်ခံလူမာဇာရာဝီက ရက်ရှ်ဖို့ဒ်နဲ့ အသင်းရဲ့ ကစားသမားသစ်တွေကြောင့် အသင်းအတွက် အကျိုးသက်ရောက်မှု အများကြီးရှိလာလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

"ကျွန်တော်တို့က တကယ့်ကို ကောင်းမွန်တဲ့ ကစားသမားသစ်တွေ ခေါ်ယူထားနိုင်ခဲ့ပါတယ်။ ရက်ရှ်ဖို့ဒ်လည်း ပြန်ရောက်လာလို့ သူသာ အသင်းမှထွက်မသွားဘူးဆိုရင် ဒီရာသီမှာ အသင်းအတွက် အားကိုးရမယ့်သူ ဖြစ်လာနိုင်ပါတယ်။ ဒါကတော့ ကျွန်တော့်အပေါ်မှာ မူတည်နေတာမျိုး မဟုတ်ဘူးပေါ့ဗျာ" လို့ မာဇာရာဝီက ဆိုပါတယ်။

"ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့မှာ နာမည်ကြီးကစားသမားသစ်တွေ ရှိနေသလို ကောင်းမွန်တဲ့ ခေါ်ယူမှုတွေလည်း လုပ်ထားနိုင်ခဲ့ပါတယ်။ အသင်းကလည်း အရင်ထက် ပိုပြီးတော့ တောင့်တင်းလာလို့ ကျွန်တော်တို့တွေ မြင့်မားတဲ့ရည်မှန်းချက်တွေဆီ ဦးတည်သွားရပါတော့မယ်" လို့ မာဇာရာဝီက ဆက်ပြောပါတယ်။