
နွေရာသီမှာ ဂရီးလစ်ရှ်ကိုရောင်းချဖို့ရှိကြောင်း ဂွါဒီယိုလာ ဝန်ခံ
မန်ချက်စတာစီးတီးနည်းပြ ပက်ဂွါဒီယိုလာက လာမယ့်နွေရာသီအပြောင်းအရွှေ့ကာလမှာ အသင်းရဲ့တောင်ပံကစားသမား ဂျက်ခ်ဂရီးလစ်ရှ်ကို ရောင်းချဖို့ အစီအစဉ်ရှိနိုင်ကြောင်း ဝန်ခံလာခဲ့ပြီး သူ့နဲ့ ကစားသမားအကြားမှာ ပြဿနာတစ်စုံတစ်ရာမရှိကြောင်းလည်း ပြောကြားခဲ့ပါတယ်။
ဂရီးလစ်ရှ်ဟာ ယခု ၂၀၂၄-၂၅ ဘောလုံးရာသီမှာ ပုံမှန်နေရာရဖို့ ရုန်းကန်ခဲ့ရပြီး ပရီးမီးယားလိဂ် ပွဲ ၂၀ ကစားခဲ့ရပေမယ့် လူစားဝင်ကစားသမားအဖြစ်သာ အများစုပါဝင်ခဲ့ရလို့ စုစုပေါင်း ၇၁၅ မိနစ်သာ ကစားခဲ့ရတာဖြစ်ပါတယ်။ ဒါ့အပြင် တနင်္ဂနွေနေ့ညက ဖူလ်ဟမ်ကို ၀-၂ နဲ့အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ရာသီပိတ်ပွဲစဉ်မှာလည်း အင်္ဂလန်လက်ရွေးစင်ဟာ အရန်ကစားသမားအဖြစ်နဲ့တောင် မပါဝင်နိုင်ခဲ့ပါဘူး။
ဒါကြောင့် နည်းပြဂွါဒီယိုလာနဲ့ ဂရီးလစ်ရှ်တို့အကြား ပုဂ္ဂိုလ်ရေးဆိုင်ရာ ပြဿနာတွေရှိနေတယ်လို့ ယူဆနေကြပေမယ့် ဂွါဒီယိုလာကတော့ မဟုတ်ကြောင်း ပြန်လည်ငြင်းဆန်ထားခဲ့ပါတယ်။ ဂရီးလစ်ရှ်ကိုချန်လှပ်ခဲ့ခြင်းနဲ့ပတ်သက်ပြီး ဂွါဒီယိုလာက "ဒါက ကျွန်တော်တို့ရဲ့ရွေးချယ်မှုပါပဲ။ လွန်ခဲ့တဲ့ ၂ လလောက်ကတည်းက ကျွန်တော် အဝေးကွင်းမှာသွားကစားတိုင်း ကစားသမား ၅-၆ ယောက်လောက်ကို အိမ်ကွင်းမှာ ချန်ထားခဲ့ပါတယ်။ ဒီတစ်ခေါက်မှာတော့ ဂရီးလစ်ရှ်အပါအဝင် အခြားကစားသမားတွေပေါ့။ ဒီထက်မပိုပါဘူး"
"ဂျက်ခ်လို ကစားသမားတစ်ယောက်က အမြဲတမ်းကစားရသင့်တာတော့မှန်ပါတယ်။ ဒါပေမယ့် ဒီရာသီမှာရော၊ ပြီးခဲ့တဲ့ရာသီမှာရော သူလုံလုံလောက်လောက်မကစားခဲ့ရပါဘူး။ ဒါကြောင့် သူ့အနေနဲ့ အခြားနေရာကိုပြောင်းဖို့ လိုအပ်နေပြီလို့ဆိုရပါမယ်။ ဒီမှာဆက်နေမယ်ဆိုရင်လည်း သူ့အနေနဲ့ နေရာရဖို့ တိုက်ပွဲဝင်ရမှာပါပဲ"
"ဒီနေ့သူ့ကို ချန်လှပ်ခဲ့တာကတော့ အဲဒီကိစ္စနဲ့မသက်ဆိုင်ပါဘူး။ ကျွန်တော် ရီကိုလူးဝစ်နဲ့ ဂျိမ်းစ်မက်အတီးတို့ကိုလည်း ချန်လှပ်ခဲ့တာပါပဲ။ ဒီအတိုင်း ကစားသမားအပြောင်းအလဲပြုလုပ်ခဲ့တာပါ။ ကစားသမားတွေကို အလှည့်ကျပွဲထုတ်ဖို့လိုအပ်ပါတယ်။ ဒါကြောင့် ဂရီးလစ်ရှ်ကို ချန်လှပ်ခဲ့တာပါ" လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ဂရီးလစ်ရှ်နဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာပြဿနာတွေမရှိကြောင်းကို စပိန်သားနည်းပြက "ကျွန်တော့်ကို ဂျက်ခ်အကြောင်းမမေးပါနဲ့တော့။ ကျွန်တော်တို့နှစ်ယောက်အဆင်မပြေဘူးလို့ ခင်ဗျားကို ဘယ်သူပြောလဲ။ ကျွန်တော်ဒီပွဲမှာ မက်အတီးကိုလည်း ချန်လှပ်ခဲ့တာပဲ။ သူ့အကြောင်းကိုရော မမေးတော့ဘူးလား။ ကစားသမားတွေနဲ့ ကျွန်တော့်အကြားမှာ ဘာပြဿနာမှမရှိပါဘူး။အနာဂတ်မှာ ဘာတွေဖြစ်လာမလဲဆိုတာ ကလပ်ရဲ့ အားကစားဒါရိုက်တာနဲ့ပဲသက်ဆိုင်ပါတယ်။ ပြီးတော့ သူတို့ရဲ့အေးဂျင့်တွေပေါ့။ ကျွန်တော်နဲ့မဆိုင်ပါဘူး" လို့ပြောကြားခဲ့ပါတယ်။
မန်စီးတီးဟာ ၂၀၂၁ ခုနှစ်မှာ ဂရီးလစ်ရှ်ကို အက်စတွန်ဗီလာမှ ပေါင်သန်း ၁၀၀ နဲ့ခေါ်ယူခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ အင်္ဂလန်သားဟာ မန်စီးတီးနဲ့ စာချုပ်သက်တမ်း ၂ နှစ်ကျန်ရှိနေသေးပေမယ့် ထွက်ခွာမယ့်အရိပ်အယောင်တွေ ပြသနေတာကြောင့် လာမယ့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသင်းနဲ့အတူ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမလား မသေချာသေးပါဘူး။