မန်စီးတီးမှထွက်ခွာဖို့ ပိုမိုနီးစပ်လာတဲ့ ရီကိုလူးဝစ်
ရီကိုလူးဝစ်ဟာ ကမ္ဘာ့ဘောလုံးလောကမှာ အောင်မြင်မှုအရှိဆုံး အသက် ၂၁ နှစ်အရွယ် ကစားသမားတွေထဲက တစ်ဦး ဖြစ်ပါတယ်။
၂၀၂၂ ခုနှစ်မှာ မန်စီးတီးရဲ့ စီနီယာအသင်းဆီ စတင်ရောက်ရှိလာပြီးနောက်ပိုင်း လူးဝစ်ဟာ ပရီမီယာလိဂ်ဖလား နှစ်ကြိမ်၊ ချန်ပီယံလိဂ်ဖလား တစ်ကြိမ်နဲ့ အက်ဖ်အေဖလား နှစ်ကြိမ်တို့ကို ဆွတ်ခူးရရှိထားပြီး ဖြစ်ပါတယ်။
နေရာစုံကစားနိုင်တဲ့ ဒီနောက်ခံလူဟာ မန်စီးတီးအတွက် ပွဲပေါင်း ၁၀၀ ကျော်အထိ ကစားပေးထားနိုင်ခဲ့ပေမဲ့ စိတ်ပျက်စရာကောင်းခဲ့တဲ့ ၂၀၂၅-၂၆ ရာသီမှာတော့ ၂၂ ပွဲသာ ပါဝင်ကစားခွင့် ရရှိခဲ့ပါတယ်။
အင်္ဂလန်လူငယ်ကစားသမားကို ပက်ဂွာဒီယိုလာက ရံဖန်ရံခါမှသာ ထည့်သွင်းကစားစေခဲ့တာကြောင့် ပရီမီယာလိဂ်မှာ ၁၁ ပွဲ (မိနစ် ၄၀၃ မိနစ်) သာ ပါဝင်ခွင့်ရခဲ့ပြီး ဂွာဒီယိုလာကတော့ သူ့ရဲ့ ပွဲထွက်ညာနောက်ခံလူနေရာအတွက် မားသီးယပ်စ် နူနက်စ်ကို ပိုမိုဦးစားပေး အသုံးပြုခဲ့ပါတယ်။
ပွဲကစားခွင့် ပိုရချင်တဲ့ ဘယ်ကစားသမားမဆို အသင်းကနေ ထွက်ခွာဖို့ စဉ်းစားလေ့ရှိတာ သဘာဝဖြစ်သလို ပြီးခဲ့တဲ့ နွေရာသီက ဂျိမ်းစ် မက်အာတီးနဲ့အတူ နော်တင်ဟမ်ဖောရက်စ်အသင်းက နှစ်ဦးစလုံးကို ကမ်းလှမ်းခဲ့စဉ်ကလည်း လူးဝစ်တစ်ယောက် အသင်းကနေ ထွက်ခွာဖို့ အတော်လေး နီးစပ်ခဲ့ပါသေးတယ်။
ဒါပေမဲ့ နောက်ဆုံးမှာတော့ ဖောရက်စ်အသင်းက မက်အာတီးကိုသာ ခေါ်ယူနိုင်ခဲ့ပြီး လူးဝစ်ကတော့ နော်တင်ဟမ်ဖောရက်စ်ဆီ ပြောင်းရွှေ့ဖို့ ငြင်းဆန်ကာ မန်စီးတီးမှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ပြီးနောက် စက်တင်ဘာလမှာ ငါးနှစ်သက်တမ်းရှိတဲ့ စာချုပ်သစ်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။
ဒါပေမဲ့ ESPN ရဲ့ သတင်းထောက် ရော့ဒေါဆင်ရဲ့ အဆိုအရ အသက် ၂၁ နှစ်အရွယ် လူးဝစ်ရဲ့ သဘောထားဟာ ပြောင်းလဲသွားနိုင်ပြီး လာမယ့် နွေရာသီမှာ တခြားတစ်နေရာကို ပြောင်းရွှေ့ဖို့ ကြိုးစားသင့်၊ မသင့် ဆိုတာကို သူ့ဘက်က ရွေးချယ်စရာတွေကို စတင်စဉ်းစားနေပြီ ဖြစ်တယ်လို့ သိရပါတယ်။