လီဗာပူးနဲ့ သရေကျပြီးနောက် နော်တင်ဟမ်ဖောရက်စ်အသင်းဖော်တွေအတွက် ကျေနပ်ဂုဏ်ယူနေတဲ့ မက်အာတီး
လီဗာပူးအသင်းနဲ့ တစ်ဖက်နှစ်ဂိုးစီသရေကျခဲ့တဲ့ အန်ဖီးလ်ကွင်းပရီးမီးယားလိဂ်ပွဲစဉ်အပြီး မက်အာတီးက အဝေးကွင်းသရေတစ်မှတ်အတွက် နော်တင်ဟမ်ဖောရက်စ်မှာ ဘယ်လိုခံစားချက်မျိုးရှိမလဲဆိုတာ သေချာမသိဘူးလို့ ဝန်ခံခဲ့ပါတယ်။
အခုပွဲစဉ်မှာ ဧည့်သည်တွေရဲ့ဦးဆောင်မှု နှစ်ကြိမ်တိုင်တိုင် ရှိခဲ့ပေမဲ့ ချေပဂိုးတွေ ပြန်ပေးလိုက်ရလို့ အောင်ပွဲနဲ့လက်တစ်ကမ်းအလိုအထိ ရောက်ရှိခဲ့ပေမဲ့ အမှတ်ခွဲဝေယူဖို့သာ ဖြစ်လာခဲ့ပါတယ်။
မက်အာတီးကတော့ အဝေးကွင်းအဖိုးတန်တစ်မှတ် ရရှိအောင် စည်းစည်းလုံးလုံးတိုက်ပွဲဝင်သွားခဲ့တဲ့ သူ့ရဲ့အသင်းဖော်တွေကို ချီးကျူးခဲ့ပါတယ်။
"ကျွန်တော်တို့ ဘယ်လိုခံစားရမလဲဆိုတာ တကယ်မသိပါဘူး။ ဒီနေရာကိုလာပြီး တစ်မှတ် ရခဲ့တယ်ဆိုတာ အံ့ဩစရာကောင်းပေမဲ့ ပွဲက ကျွန်တော်တို့ရဲ့လက်ထဲမှာ နှစ်ကြိမ်အထိ ရှိခဲ့ပြန်ပါတယ်" လို့ မက်အာတီးက နော်တင်ဟမ်ဖောရက်စ်အသင်းဝက်ဘ်ဆိုဒ်ဆီ ပြောပါတယ်။
"ကျွန်တော်တို့အတွက် သုံးမှတ်အပြည့်ရရှိနိုင်မှုကို လက်လွှတ်လိုက်ရလို့ အနည်းငယ်စိတ်ပျက်မိပေမဲ့ အသင်းရဲ့ခြေစွမ်းပိုင်းကိုတော့ ကျေနပ်မိပါတယ်။ ကျွန်တော်တို့ ဒီကို လာခဲ့ပြီး စည်းစည်းလုံးလုံးနဲ့ပဲ အဖိုးတန်တစ်မှတ်ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။
သူတို့ ချေပဂိုးသွင်းယူပြီးနောက်ပိုင်း နောက်ထပ်တစ်ကြိမ် ဦးဆောင်ဂိုး ထပ်မံရယူနိုင်ခဲ့တဲ့ ကစားသမားတွေကို ချီးကျူးသွားရပါမယ်။ ဒါပေမဲ့ ဒီနေရာကိုရောက်လာချိန် ဘာမဆို ဖြစ်သွားနိုင်လို့ အရမ်းကြီး စိတ်မပျက်သင့်ပါဘူး။
ကျွန်တော်တို့အားလုံး နည်းဗျူဟာကျကျ ကစားခဲ့ပြီး ဂိုးသွင်းယူနိုင်မယ့် နေရာတွေ ရောက်အောင် ကြိုးပမ်းခဲ့ကြသလို ရလည်း ရခဲ့ပါတယ်။ အီဂေါဂျီးဆပ်စ်ရဲ့အပိုင်ကန်သွင်းချက်ကို အလီဆင်ကာကွယ်သွားပုံလည်း မယုံကြည်နိုင်စရာကောင်းပါတယ်။ သူသာ မကာကွယ်နိုင်ရင် ကျွန်တော်တို့ နှစ်ဂိုးပြတ်ဦးဆောင်သွားနိုင်ပါလိမ့်မယ်။ ဒါ တကယ့်ကိုကောင်းမွန်တဲ့ စွမ်းဆောင်ရည်တစ်ခုပါပဲ" လို့ ဆိုပါတယ်။