
ရော်နယ်ဒိုဟာ ရေကိုတောင်မှ အရည်အသွေးမီမှသောက်တဲ့ကစားသမားဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားလာတဲ့ မာရော်တာ
အင်တာမီလန်အသင်းဥက္ကဌ ဂွီဆက်ပီမာရော်တာက သူဟာ ဂျူဗင်တပ်စ်မှာရှိစဉ်က ခရစ္စတီယာနိုရော်နယ်ဒိုနဲ့ လက်တွဲခဲ့ဖူးပြီး ပေါ်တူဂီသားဟာ ကျန်းမာရေးကိုအင်မတန်ဂရုစိုက်သူဖြစ်တာကြောင့် ရေကိုတောင်မှ အရည်အသွေးမီမှ သောက်တတ်တဲ့ကစားသမားဖြစ်တယ်လို့ ဖွင့်ဟပြောကြားလာခဲ့ပါတယ်။
ရော်နယ်ဒိုဟာ ဂျူဗင်တပ်စ်မှာရှိစဉ်က သူသောက်မယ့်ရေကိုတောင် ကလပ်ရဲ့ဆရာဝန်တွေနဲ့အတူ ခွဲခြမ်းစိတ်ဖြာပြီးမှ သောက်သုံးခဲ့သူဖြစ်တယ်လို့ မာရော်တာက ဆိုပါတယ်။ ဒါကြောင့် ပေါ်တူဂီအသင်းခေါင်းဆောင်အနေနဲ့ အသက်-၄၀ ကျော်အရွယ်မှာတောင် ထိပ်တန်းဘောလုံးလောကမှာ ကျင်လည်နိုင်ခြင်းမှာ အခုလို အသေးစိတ်ဂရုစိုက်မှုတွေကြောင့်ဖြစ်တယ်လို့လည်း ဆိုရမှာဖြစ်ပါတယ်။
မာရော်တာက "ကျွန်တော်ဂျူဗီမှာ ရော်နယ်ဒိုနဲ့အတူလက်တွဲခွင့်ရခဲ့လို့ ကံကောင်းပါတယ်။ သူက အခြားကစားသမားတွေနဲ့မတူပါဘူး။ ရေကိုတောင်မှ ခွဲခြားစိတ်ဖြာမှုတွေလုပ်ပြီးမှ သောက်တတ်တဲ့သူပါ။ သူက အသင်းရဲ့ဆရာဝန်ဆီသွားပြီး ရေထဲမှာဘာတွေပါလဲဆိုတာကိုပါ သွားမေးခဲ့ပါတယ်"
"ဒါကြောင့် သူအခုချိန်အထိ ချန်ပီယံတစ်ယောက်အနေနဲ့ရပ်တည်ထားတယ်ဆိုတာ ဒီလို အသေးစိတ်ဂရုစိုက်မှုလေးတွေကြောင့်လည်း ပါပါတယ်။ သူ့ရဲ့စည်းကမ်းလိုက်နာမှုနဲ့ စနစ်ကျမှုတွေက အောင်မြင်မှုရဖို့အတွက် အကူအညီပေးနေတဲ့အရာတွေပါပဲ" လို့ပြောကြားခဲ့ပါတယ်။
ရော်နယ်ဒိုအနေနဲ့ ပြင်းထန်တဲ့လေ့ကျင့်ရေးအစီအစဉ်တွေသာမက ကျန်းမာရေးနဲ့ ကိုယ်ခန္ဓာကြံ့ခိုင်ရေးအတွက်ပါ သေချာဂရုစိုက်ခဲ့တာကြောင့် သူနဲ့ရွယ်တူ ကစားသမားတွေထက်ကျော်လွန်ပြီး အခုချိန်အထိ ဘောလုံးလောကရဲ့ နတ်ဘုရာတစ်ပါးအဖြစ် ရပ်တည်ထားနိုင်တာဖြစ်ပါတယ်။
အသက်-၄၀ နှစ်အရွယ်ကစားသမားဟာ ၂၀၂၂ ခုနှစ်မှာ ဆော်ဒီအာရေဗျကလပ် အယ်လ်နာဆာသို့ပြောင်းရွှေ့ခဲ့ပြီး အသင်းအတွက် စုစုပေါင်း ၁၁၇ ပွဲကစားထားရာမှာ ၁၀၄ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု အကြိမ် ၂၀ ထိပြုလုပ်ပေးထားနိုင်ပါတယ်။ ရော်နယ်ဒိုဟာ မန်ချက်စတာယူနိုက်တက်၊ ရီးရဲလ်မက်ဒရစ်နဲ့ ဂျူဗင်တပ်စ်တို့လို ဥရောပထိပ်သီးကလပ်တွေမှာကစားခဲ့ပေမယ့် ရောက်လေရာအရပ်တိုင်းမှာ ဂိုးတွေတဒိုင်းဒိုင်းသွင်းပြီး အမြင့်ဆုံးကစားသမားဆုတွေကို ဆွတ်ခူးခဲ့သူလည်းဖြစ်ပါတယ်။
လာမယ့်နှစ်မှာ အသက်-၄၁ နှစ်ပြည့်မြောက်မယ့်ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ဇွန်လကမှ အယ်လ်နာဆာနဲ့ စာချုပ်သစ်ချုပ်ဆိုထားခဲ့တာဖြစ်ပြီး စာချုပ်သက်တမ်း ၂ နှစ်အထိကျန်ရှိနေပါသေးတယ်။ ဘောလွန်းဒီအော် ၅ ဆုရှင်ဟာ ယခုရာသီမှာလည်း အယ်လ်နာဆာအတွက် လိဂ်ပွဲစဉ် ၄ ပွဲကစားထားရာမှာ ၄ ဂိုးအထိသွင်းထားနိုင်တာကြောင့် ကစားသမားဘဝ သွင်းဂိုး ၁ ထောင်ပြည့်မြောက်ဖို့အတွက်လည်း တဖြည်းဖြည်းနီးကပ်လာခဲ့ပြီဖြစ်ပါတယ်။