အင်တာမီလန်ဘက်ကနေ ကာကွယ်ပြောကြားလာတဲ့ အေစီမီလန်ဂန္ထဝင် ကိုစတာကာတာ
အေစီမီလန် ဂန္ထဝင်ကစားသမား ဘီလီကိုစတာကာတာက လာမယ့်အပတ်မှာ အင်တာမီလန်အသင်းဟာ ဘိုဒိုဂလင့်ကိုကျော်ဖြတ်ပြီး ချန်ပီယံလိဂ်နောက်တစ်ဆင့်ကို တက်ရောက်နိုင်လိမ့်မယ်လို့ အခိုင်အမာ ယုံကြည်နေပါတယ်။
မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပလေးအော့ဖ် ပထမအကျော့ပွဲစဉ်မှာ နော်ဝေကလပ် ဘိုဒိုဂလင့်အသင်းဟာ သူတို့ရဲ့ မြက်ခင်းတုကွင်းမှာ အင်တာမီလန်အသင်းကို ၃ ဂိုး - ၁ ဂိုးနဲ့ အံ့အားသင့်ဖွယ် အနိုင်ယူခဲ့တာ ဖြစ်ပါတယ်။
ဒီအပေါ်မှာ ကိုစတာကာတာက Sky Italia ကို အခုလို ပြောကြားခဲ့ပါတယ်။ "ကျွန်တော် အင်တာမီလန်ကို ကာကွယ်ပြောနေတာ မဟုတ်ပါဘူး၊ ဒါပေမဲ့ ဒီကွင်းမျိုးမှာ ကစားရတာက ဘောလုံးအားကစား မဟုတ်ဘဲ တခြားအားကစားတစ်ခုလို ဖြစ်နေတာပါ။ မန်စီးတီးနဲ့ အက်သလက်တီကို မက်ဒရစ်တို့တောင် ဒီကွင်းမှာ ရှုံးခဲ့ဖူးတာပဲလေ"
"ဒါကို အရမ်းကြီး စိတ်ထဲထည့်မနေသင့်ပါဘူး။ အကြောင်းအမျိုးမျိုးကြောင့် ဒီသုံးပွဲစလုံးက ထူးထူးဆန်းဆန်း ဖြစ်ခဲ့တာပါ။ တကယ်တော့ ပိုပြီးတောင့်တင်းပြီး ကစားပုံအရှိန်အဟုန် မတူညီတဲ့ အသင်းတွေရှိနေတယ်ဆိုတာ ကျွန်တော်တို့ ပြောနေကြတာ ကြာပါပြီ" လို့လည်း ၎င်းက ဆိုပါတယ်။
"ဒီညပွဲအတွက် ပြောရရင်တော့ ကွင်းရဲ့အခြေအနေက တခြားကွင်းတွေနဲ့ အရမ်းကို ကွာခြားလွန်းနေပါတယ်။ ဂျူဗင်တပ်စ်အသင်းလည်း အဲ့ဒီမှာ နိုင်ခဲ့ဖူးတယ်ဆိုပေမဲ့ အဲ့ဒီအချိန်တုန်းက သူတို့က ရာသီပိတ်ခါနီးအချိန် ရောက်နေလို့ပါ" လို့ ကိုစတာကာတာက ဆက်လက်ပြောကြားခဲ့ပါတယ်။