The network connection is lost.

Banner Image

ကတ်စ်မဲရိုးရဲ့နေရာမှာ ဘယ်ကစားသမားနဲ့အစားထိုးမလဲ ပြောကြားလာတဲ့ ကာရစ်

မန်ချက်စတာယူနိုက်တက်ရဲ့ ယာယီနည်းပြ မိုက်ကယ်ကာရစ်က ဒီနွေရာသီမှာ အသင်းကနေ ထွက်ခွာတော့မယ့် ကတ်စ်မဲရိုးရဲ့နေရာမှာ ဘယ်သူနဲ့ အစားထိုးမလဲဆိုတာနဲ့ ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အသက် ၃၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဝါရင့်ကွင်းလယ်လူ ကတ်စ်မဲရိုးဟာ ဘဝမှတ်တိုင်အသစ်တစ်ခုကို စတင်ဖို့အတွက် စာချုပ်သက်တမ်းကုန်ဆုံးမယ့် ဒီနှစ်နွေရာသီမှာ မန်ယူအသင်းကို နှုတ်ဆက်တော့မယ်လို့ အစောပိုင်းကတည်းက အသိပေးထားခဲ့တာပါ။

လက်ရှိမှာတော့ ကတ်စ်မဲရိုးကို အင်တာမိုင်ယာမီအသင်းနဲ့ ဘရာဇီးလ်ကလပ်အသင်းတွေက စိတ်ဝင်စားနေကြပြီး မန်ယူအသင်းဘက်ကလည်း အတွေ့အကြုံရင့် ဘရာဇီးလ်လက်ရွေးစင်ကစားသမားကြီးရဲ့နေရာမှာ အစားထိုးဖို့အတွက် ကြိုတင်ပြင်ဆင်နေပါတယ်။

ဒီရာသီအစောပိုင်းမှာ ရူဘင်အမောရင်ရဲ့နေရာကို ဝင်ရောက်တာဝန်ယူခဲ့တဲ့ ကာရစ်က ကတ်စ်မဲရိုးလို ကစားသမားမျိုးကို အစားထိုးဖို့ဆိုတာ မဖြစ်နိုင်လောက်အောင် ခက်ခဲတဲ့အလုပ်ဖြစ်ပေမဲ့ အသင်းအနေနဲ့ ဘယ်လိုစီမံထားသလဲဆိုတာကို ကလပ်ဝဘ်ဆိုက်ကနေတစ်ဆင့် အခုလို ပြောပြခဲ့ပါတယ်။

"အတွေ့အကြုံဆိုတာ မှန်ကန်စွာ အသုံးချတတ်ရင် အရမ်းကောင်းတဲ့ အရာပါ။ အသင်းရဲ့ ဝါရင့်ကစားသမားတစ်ယောက်ဖြစ်လာတဲ့အခါ လူငယ်တွေကို လမ်းပြပေးဖို့၊ ကျန်တဲ့အသင်းဖော်တွေကို ကူညီပေးဖို့နဲ့ ကိုယ့်ရဲ့ အတွေ့အကြုံကောင်းတွေကို ကောင်းမွန်တဲ့နည်းလမ်းနဲ့ လက်ဆင့်ကမ်းပေးဖို့ တာဝန်ရှိတယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော် ရောက်လာကတည်းက သူဟာ ကဏ္ဍပေါင်းစုံမှာ ထိပ်တန်းအဆင့် ရှိခဲ့သလို သူနဲ့ အတူတူ အလုပ်လုပ်ရတာလည်း တကယ်ကို ဝမ်းသာစရာပါ။ ကျန်ရှိနေသေးတဲ့ လပိုင်းတွေမှာလည်း သူနဲ့ ဆက်ပြီး လက်တွဲသွားဖို့ မျှော်လင့်ပါတယ်" လို့ ကာရစ်က ဆိုပါတယ်။

ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်ဟောင်းကို အစားထိုးဖို့ ကြုံတွေ့ရမယ့် စိန်ခေါ်မှုတွေနဲ့ ပတ်သက်ပြီး ကာရစ်က "ကျွန်တော်ကိုယ်တိုင်လည်း ကွင်းလယ်လူတစ်ယောက် ဖြစ်ခဲ့တာမို့ ဘက်လိုက်တာတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ ကွင်းလယ်နေရာဟာ တစ်သင်းလုံးကို စုစည်းပေးထားတဲ့ အရေးကြီးတဲ့ နေရာတစ်ခုပါ။ တစ်ခါတလေ စိတ်ပိုင်းဆိုင်ရာရော၊ ကစားကွက် နားလည်မှုပိုင်းမှာပါ တည်တည်ငြိမ်ငြိမ်နဲ့ အသင်းသားအားလုံးကို ချိတ်ဆက်ပေးရပါတယ်။ ကတ်စ်မဲရိုးက အသင်းအပေါ်မှာ ဒီလိုဩဇာလွှမ်းမိုးမှုမျိုး ရှိနေတာပါ။ ဒါကြောင့် ရှေ့ဆက်သွားမယ့် လမ်းစဉ်မှာ ဒီအချက်ကို ကျွန်တော်တို့ ကောင်းကောင်း သတိပြုမိပါတယ်" လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

လက်ရှိမှာတော့ ကာရစ်က နောက်ရာသီမှာ ကတ်စ်မဲရိုးရဲ့နေရာမှာ ဘယ်သူ့ကို အစားထိုးမလဲဆိုတာကို အဖြေရှာနေရဆဲဖြစ်ပြီး ကတ်စ်မဲရိုးကတော့ ၂၀၂၆-၂၇ ဘောလုံးရာသီမှာ မန်ယူအသင်း ချန်ပီယံလိဂ် ပြန်ဝင်ခွင့်ရရှိဖို့အတွက်သာ အပြည့်အဝ အာရုံစိုက် ကြိုးစားနေပါတယ်။