The network connection is lost.

Banner Image

ကာရစ်ကို ယူနိုက်တက်ရဲ့အမြဲတမ်းနည်းပြအဖြစ်ခန့်အပ်ဖို့ လုံလောက်မှုမရှိသေးဘူးလို့ဆိုလာတဲ့ ဟက်စကီး

လီဗာပူးနဲ့ အင်္ဂလန်တိုက်စစ်မှူးဟောင်း အီမီလ်ဟက်စကီးက မန်ချက်စတာယူနိုက်တက်ရဲ့ ယာယီနည်းပြ မိုက်ကယ်ကာရစ်နဲ့ ပတ်သက်ပြီး သူ့ရဲ့အမြင်ကို ဖွင့်ဟပြောကြားလိုက်ပါတယ်။

ရူဘင်အမော်ရင်ရဲ့နေရာမှာ အစားဝင်ပြီး ရာသီကုန်အထိ အသင်းကို တာဝန်ယူကိုင်တွယ်ခဲ့တဲ့ ကာရစ်ဟာ ၅ ပွဲကစားထားရာမှာ ၄ ပွဲနိုင် ၁ ပွဲသရေဆိုတဲ့ ရလဒ်ကောင်းကို ပိုင်ဆိုင်ထားပါတယ်။

ပရိသတ်တွေကတော့ ကာရစ်ကို ရာသီကုန်မှာ အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်စေချင်နေကြပြီး အကယ်၍ သူသာ ချန်ပီယံလိဂ်ဝင်ခွင့် ရအောင်စွမ်းဆောင်ပေးနိုင်ရင် တခြားဘယ်လို ကိုယ်စားလှယ်လောင်းတွေထက်မဆို ထိပ်ဆုံးက ပြေးနေမှာ သေချာပါတယ်။

ဒီအပတ်မှာတော့ ယူနိုက်တက်ဟာ အဲဗာတန်ကွင်းကို သွားရောက်ကစားရမှာဖြစ်ပြီး အနိုင်ရခဲ့ရင် အဆင့် ၄ နေရာမှာ အပိုင်ခြေကုပ်ယူနိုင်မယ့်အပြင် အဆင့် ၃ က အက်စတွန်ဗီလာနဲ့လည်း ၃ မှတ်အကွာကို ရောက်ရှိလာမှာပါ။

ဒါပေမဲ့ OLBG နဲ့ အင်တာဗျူးမှာတော့ ဟက်စကီးက ကာရစ်အနေနဲ့ ဒီထက်ပိုပြီး ခရီးဝေးသွားဖို့ လိုသေးသလို ဒီရာထူးနဲ့ ထိုက်တန်ကြောင်း သက်သေပြဖို့လည်း လိုအပ်နေသေးတယ်လို့ ယူဆနေပါတယ်။

"ကာရစ်ရဲ့ လက်ရှိပုံစံက ယူနိုက်တက်အတွက် ရေရှည်ခိုင်မြဲမယ်လို့ ယူဆဖို့ လုံလောက်တဲ့ အထောက်အထားတွေ မြင်နေရပြီလားဆိုတော့ မဟုတ်သေးပါဘူး။ ဒါဟာ ရေတိုအောင်မြင်မှုပဲလို့ ထင်ပါတယ်၊ ဒါပေမဲ့ ရေရှည်အတွက် ဘာဖြစ်လာမလဲဆိုတာတော့ ဘယ်သူမှ မသိနိုင်ပါဘူး" လို့ ဟက်စကီးက ဆိုပါတယ်။

"အဲဒီအချိန်ကျရင် အသင်းမှာရှိနေတဲ့ ကစားသမားတွေနဲ့ အနာဂတ်က ဘယ်လိုဖြစ်လာမလဲဆိုတာက မေးခွန်းထုတ်စရာ ဖြစ်လာပါပြီ။ ဘယ်သူတွေ ထွက်သွားမလဲ၊ ဘယ်သူတွေ ရောက်လာမလဲ။ ကာရစ်က အပြောင်းအလဲတွေ လုပ်ဖို့နဲ့ နောက်ထပ်ဝင်လာမယ့် ကစားသမားတွေနေရာမှာ အံဝင်ခွင်ကျဖြစ်အောင် စီစဉ်နိုင်လောက်တဲ့အထိ ပါးနပ်မှုရှိရဲ့လားဆိုတာ စဉ်းစားရပါမယ်"

"ယူနိုက်တက်မှာ အဲဒီအတွက် သီးသန့်ဌာနရှိပေမဲ့ နည်းပြကလည်း အဲဒီအထဲမှာ ပါဝင်ပတ်သက်ရပါမယ်။ ဘာလို့လဲဆိုတော့ နည်းပြတစ်ယောက်ဆီကို ကစားသမားတွေ ပုံပေးပြီး ဒါတွေနဲ့ပဲ အလုပ်လုပ်ပါလို့ ပြောလို့မရလို့ပါပဲ"

"ကိုယ်ဘာလိုချင်လဲဆိုတာ အသေအချာ သိနေဖို့ လိုပါတယ်။ အသင်းက ဘယ်လိုပုံစံဖြစ်ရမလဲ၊ ကစားကွက်က ဘယ်လိုလဲ၊ ကလပ်အသင်းက ဘာကိုလိုချင်တာလဲ၊ အနာဂတ်အတွက် ဘယ်လိုရည်မှန်းချက်ရှိလဲ၊ ရာသီကုန်ရင် ဘယ်အဆင့်မှာ ရှိနေချင်တာလဲ စတာတွေကို တိတိကျကျ သိထားရပါမယ်။ ဒါမှသာ လူတိုင်းမှာ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိမှာပါ"

"မှတ်ထားရမှာက အခုခေတ် နည်းပြလောကမှာ အရင်လို နည်းပြတစ်ယောက်တည်းက အသင်းကို တည်ဆောက်တာမျိုး မဟုတ်တော့ပါဘူး။ နည်းပြကလည်း အကြံပြုခွင့် အနည်းငယ်တော့ ရှိမှာပေါ့၊ ဒါပေမဲ့ လူတွေက ဒီနည်းပြက ဒီကစားသမားကို ခေါ်တာလို့ ပြောကြပေမဲ့ တကယ်တမ်းမှာတော့ အဲဒီလို မဟုတ်တဲ့ အခြေအနေတွေလည်း ရှိပါတယ်" လို့ ဟက်စကီးက ဆက်ပြောပါတယ်။

ကာရစ်ရဲ့ လက်ထက်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ဆိုတာ မျှော်လင့်ချက်သက်သက်ထက် ပိုပြီး မျှော်လင့်ခြင်းခံရတဲ့ အနေအထားကို ရောက်ရှိနေတာဖြစ်လို့ အကယ်၍သာ ဝင်ခွင့်ရခဲ့ရင် ရာသီကုန်တာနဲ့ ကာရစ်တစ်ယောက် အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခံရဖို့ အခွင့်အလမ်း အလွန်များနေပါတယ်။