ယူနိုက်တက်နဲ့ သတင်းတွေထွက်ပေါ်နေတဲ့ပယ်လ်မာကို ရိုင်ယန်ဂစ်နဲ့နှိုင်းယှဉ်ချီးကျူးလာတဲ့ ဒပ်ဘလင်
ပရီးမီးယားလိဂ် ဂန္တဝင်ကစားသမား ဒီယွန်ဒပ်ဗလင်က ချယ်လ်ဆီးအသင်းရဲ့ ကြယ်ပွင့် ကိုးလ်ပယ်လ်မာကို မန်ယူဂန္တဝင် ရိုင်ယန်ဂစ်နဲ့ နှိုင်းယှဉ်ပြောဆိုလိုက်ပါတယ်။
ပယ်လ်မာဟာ ငယ်စဉ်ကတည်းက မန်ယူပရိသတ် တစ်ဦးဖြစ်ခဲ့သလို မန်ချက်စတာမြို့က လူနေမှုဘဝကိုလည်း လွမ်းဆွတ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပြီးနောက်ပိုင်း၊ ပြီးခဲ့တဲ့ အပတ်တွေအတွင်းမှာ သူ့ကို မန်ယူအသင်းက ခေါ်ယူဖို့ ချိတ်ဆက်နေတယ်ဆိုတဲ့ သတင်းတွေ အားကောင်းလာခဲ့တာပါ။
ပယ်လ်မာဟာ ၂၀၂၃ ခုနှစ်မှာ မန်စီးတီးကနေ ချယ်လ်ဆီးကို ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး မြောက်ပိုင်းမှာရှိတဲ့ သူငယ်ချင်းတွေနဲ့အတူ ပြန်လည်နေထိုင်လိုစိတ် ပြင်းပြနေတယ်လို့ သိရပါတယ်။ ဒါကြောင့် သူသာ မန်ယူကို ပြောင်းရွှေ့ခဲ့ရင် ဒါဟာ တကယ်ကို အံ့အားသင့်စရာ အပြောင်းအရွှေ့တစ်ခု ဖြစ်လာမှာပါ။
OLBG နဲ့ အင်တာဗျူးမှာ ဒပ်ဗလင်က အင်္ဂလန်ကြယ်ပွင့် ပယ်လ်မာကို ချီးကျူးစကား ဆိုခဲ့တာဖြစ်ပြီး သူဟာ မန်ယူအသင်းမှာ ဂန္တဝင် ရိုင်ယန်ဂစ်လိုမျိုး အရေးပါတဲ့ ကစားသမားတစ်ဦး ဖြစ်လာနိုင်တယ်လို့ ယုံကြည်နေပါတယ်။
"လက်ရှိအချိန်မှာ သူဟာ ပွဲကစားခွင့် သိပ်မရသေးတာ၊ အရန်ခုံမှာ ထိုင်နေရတာမျိုးတွေ ရှိနေတဲ့အတွက် မန်ယူမှာ နေရာရဖို့ ခက်ခဲဦးမယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမဲ့ အရည်အချင်းပိုင်းကို ကြည့်ရင်တော့ သူဟာ ဘယ်နေရာမှာမဆို ကစားနိုင်စွမ်း ရှိပါတယ်။ သူက အဲဒီလောက်အထိ တော်တာပါ။ သူ့ရဲ့ ပါရမီက ဘယ်သူနဲ့မှ မနှိုင်းယှဉ်နိုင်အောင်ကို ကောင်းမွန်လွန်းလို့ သူ့ကို မန်ယူအသင်းမှာ ကျွန်တော် မြင်ယောင်ကြည့်လို့ ရပါတယ်။ ဘယ်တော့ ဖြစ်လာမလဲဆိုတာကိုတော့ ကျွန်တော်လည်း မသိပါဘူး" လို့ ဒပ်ဗလင်က ဆိုပါတယ်။
"သူက မန်ယူကစားသမား တစ်ယောက်အနေနဲ့ အံဝင်ခွင်ကျ ဖြစ်မှာလားဆိုရင်တော့ သေချာပေါက် ဖြစ်မှာပါ။ ဘောလုံးကို ထိန်းကျောင်းပုံ၊ ဘယ်ညာ လှည့်ပတ်ပြီး လူကျော်ဖြတ်ပုံနဲ့ ဂိုးထောင့်ထဲကို လှလှပပ ကန်သွင်းပုံတွေက ဂစ်နဲ့ အရမ်းတူပါတယ်။ ဒါကို ပြောလိုက်ရင် လူတချို့ အံ့ဩသွားကြလိမ့်မယ်။ ဂစ်က ဘယ်ခြေသမားဖြစ်ပြီး ဘယ်တောင်ပံမှာ ကစားတာပါ၊ ပယ်လ်မာကလည်း ဘယ်ခြေသမားပဲ ဒါပေမဲ့ သူက ညာတောင်ပံမှာ ကစားတာပါ။ ခေတ်တွေ ပြောင်းသွားသလို ဘောလုံးကစားပုံတွေကလည်း ပြောင်းလဲသွားခဲ့ပါပြီ" လို့ ၎င်းက ဆက်ပြောခဲ့ပါတယ်။
ပယ်လ်မာကတော့ သူ့ကို လက်လွှတ်ခဲ့တဲ့ ဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းဆီ ပြန်ဖို့ကို ငြင်းဆန်ထားတယ်လို့ သိရပါတယ်။ ဒါဟာ ချဲလ်ဆီးကနေ ထွက်ခွာချင်နေတဲ့ အသက် ၂၃ နှစ်အရွယ် ကစားသမားလေးကို ခေါ်ယူဖို့ မန်ယူအတွက် လမ်းစပွင့်သွားစေတာလည်း ဖြစ်ပါတယ်။