ဘိုဒိုဂလင့်ကိုဂိုးပြတ်ရှုံးနိမ့်ခဲ့ပေမယ့် စိတ်ဓာတ်မကျဖို့ အင်တာအသင်းဖော်တွေကို ဆူဆစ်တိုက်တွန်း
ဘိုဒိုဂလင့်အသင်းကို ဆိုးဆိုးရွားရွား ရှုံးနိမ့်ခဲ့ပေမဲ့ အင်တာမီလန်ရဲ့ ချန်ပီယံလိဂ်မျှော်လင့်ချက်တွေက ရှိနေဆဲပဲလို့ ကွင်းလယ်လူ ပီတာဆူဆစ်က အခိုင်အမာ ပြောကြားလိုက်ပါတယ်။
အင်တာမီလန်ဟာ ပလေးအော့ဖ် ပထမအကျော့ပွဲစဉ်မှာ ၃-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပြီး အဝေးကွင်းအသင်းအတွက် တစ်လုံးတည်းသော ချေပဂိုးကိုတော့ ဖရန်ဆက်စကို ပီအို အက်စပိုစီတိုက သွင်းယူပေးခဲ့ပါတယ်။
ဆူဆစ်က Inter TV ကို အခုလို ပြောပြခဲ့ပါတယ် - "ကျွန်တော် ဒီပွဲကို ပြန်ကြည့်ပြီး ဘာတွေဖြစ်သွားလဲဆိုတာကို အဖြေရှာရပါမယ်။ ကျွန်တော်တို့ရဲ့ အမှားတွေကို နားလည်အောင်လုပ်ပြီး ဒုတိယအကျော့မှာ ဒါမျိုးတွေ ထပ်မဖြစ်အောင် လုပ်ရပါမယ်။ ခံစစ်ပိုင်းမှာ ပိုပြီး သတိထားဖို့ လိုသလို ဂိုးရနိုင်မယ့် အခွင့်အရေးတွေကိုလည်း အပိုင်အသုံးချနိုင်ဖို့ အသေအချာ လိုအပ်ပါတယ်။"
"ဆင်ခြေတွေ ပေးနေလို့ မရပါဘူး။ ကျွန်တော်တို့က အင်တာမီလန်ဖြစ်တဲ့အတွက် အစွမ်းကုန် ကြိုးစားရမှာပါ။ ပြောရမယ်ဆိုရင် ကွင်းအနေအထားကတော့ သူတို့အတွက်ရော ကျွန်တော်တို့အတွက်ပါ အတူတူပါပဲ။"
လာမယ့်အပတ် မီယက်ဇာကွင်းမှာ ကစားမယ့် ဒုတိယအကျော့ပွဲစဉ်နဲ့ ပတ်သက်ပြီး ဆူဆစ်က "ကျွန်တော်တို့မှာ အိမ်ကွင်းပွဲစဉ် ကျန်ပါသေးတယ်။ တည်တည်ငြိမ်ငြိမ်နဲ့ ပွဲကို အလှည့်အပြောင်းဖြစ်အောင် လုပ်ပြီး နောက်တစ်ဆင့်တက်နိုင်ဖို့ ကြိုးစားရပါမယ်" လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။