
မန်စီးတီးပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာဟာ ဒီဘရိုင်းအတွက် အရေးအပါဆုံးပါပဲလို့ ဆိုလိုက်တဲ့ ပက်ဂွါဒီယိုလာ
ဒီဘရိုင်းအတွက် မန်စီးတီးပရိသတ်တွေပြသခဲ့တဲ့ ချစ်ခြင်းမေတ္တာနဲ့ လေးစားမှုတွေက အခြားအရာတွေထက်ပိုပြီး အဓိပ္ပါယ်အများကြီးရှိပါလိမ့်မယ်လို့ ပက်ဂွါဒီယိုလာက ပြောပါတယ်။ ဘယ်လ်ဂျီယံကြယ်ပွင့်က သူ့ရဲ့အီတီဟတ်ကွင်းနောက်ဆုံးပွဲစဉ်အဖြစ် ဘုန်းမောက်ကို ၃-၁ ဂိုးဖြင့် အနိုင်ရရှိတဲ့ပွဲစဉ်မှာ ပါဝင်ကစားခဲ့ပါတယ်။
ပွဲသိမ်းခရာမှုတ်ချိန်မှာတော့ ပရိသတ်အများစုက ကလပ်အသင်းရဲ့ထာဝရအကောင်းဆုံးကစားသမားတစ်ဦးကို ဂုဏ်ပြုပေးဖို့ ကွင်းတွင်းမှာ ဆက်ရှိနေပေးခဲ့ပါတယ်။ ပက်ဂွါဒီယိုလာက “ သူနဲ့ သူ့မိသားစုဝင်တွေ၊ ပရိသတ်တွေအတွက် စိတ်ခံစားမှုက အရေးအကြီးဆုံးအရာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရရှိခဲ့တဲ့ခံစားချက်နဲ့အတူ လူတိုင်းလည်း သူတို့အချင်းချင်း ဘယ်လောက်အထိ ချိတ်ဆက်မိနေသလဲဆိုတာကို မြင်တွေ့ခဲ့ကြပါတယ်။ မန်စီးတီးကမ္ဘာနဲ့ သူ့ရဲ့မိသားစုအတွက်ပေါ့။ ဒီနေရာမှာ ချစ်ခြင်းမေတ္တာတွေ အများကြီးရှိခဲ့ပါတယ်။
ဆုဖလားတွေ ဆွတ်ခူးနိုင်တာ ကောင်းပါတယ်။ ဒါပေမယ့် ဆယ်စုနှစ်တစ်ခုကြာရှိနေခဲ့ပြီးနောက် ဒီလိုချစ်ခြင်းမေတ္တာ၊ လေးစားမှုနဲ့ ကျေးဇူးတင်ရှိမှုတွေကို ရရှိတာထက် ပိုကောင်းတဲ့အရာဆိုတာ ဘာမှမရှိတော့ပါဘူး။ ဒါက ဝမ်းနည်းစရာကောင်းတဲ့နေ့ရက်တစ်ခုဖြစ်ပြီး ဒီဘရိုင်းကို ဆက်ပြီးအောင်းမေ့သတိရနေပါလိမ့်မယ်။ ဒါကိုတော့ သံသယမရှိလိုက်ပါနဲ့။ တကယ်ကိုအရေးပါတဲ့အောင်ပွဲတွေရရှိဖို့အတွက် ဒီဘရိုင်းရဲ့ပံ့ပိုးကူညီမှုတွေ အများကြီးပါဝင်ပါတယ်”လို့ ပြောပါတယ်။
ဆက်လက်ပြီး မန်စီးတီးနည်းပြက ဒီဘရိုင်းနေရာမှာ အစားထိုးဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ပြောဆိုလိုက်ပြီး ဘယ်လ်ဂျီယံစတားကို လတ်တလောနှစ်တွေအတွင်း ပရိသတ်တွေရဲ့ရင်ထဲမှာ အခိုင်အမာနေရာယူကာ အသင်းမှထွက်ခွာသွားပြီဖြစ်တဲ့ ထိပ်တန်းကစားသမားစာရင်းအတွင်း ထည့်သွင်းခဲ့ပါတယ်။
ပက်ဂွါဒီယိုလာက “ ဆာဂျီယိုအဂူရိုလိုပဲ အချို့ကစားသမားတွေက အလွန်ထူးခြားပါတယ်။ အဂူရိုဆိုရင် အသင်းသမိုင်းတလျှောက် အလွန်အရေးပါလွန်းတဲ့ဂိုးတွေကို သွင်းယူပေးခဲ့ပါတယ်။ အဂူရို၊ ကွန်ပနီ၊ ဆာနေး၊ စတာလင်၊ မာရက်ဇ်၊ ဂျိုးဟတ်၊ ဇာဘလက်တာတို့လိုကစားသမားတွေနဲ့ တွေ့ဆုံခဲ့ရတာ ကျေနပ်စရာကောင်းပါတယ်။
သူတို့အကုန်လုံး ဒီအသင်းမှာ ဆယ်စုနှစ်တစ်ခုကြာ ရှိခဲ့ပါတယ်။ ပွဲစဉ်တွေအများကြီးကစားခဲ့ပြီး ဆုဖလားတွေလည်း ရရှိခဲ့ပါတယ်။ ဒီနေ့မှာဆိုရင်လည်း ချစ်ခြင်းမေတ္တာတွေ ဘယ်လောက်အထိပြည့်နှက်နေသလဲဆိုတာ ကျွန်တော်တို့ မြင်တွေ့ခဲ့ရပါတယ်။ အရမ်းကောင်းပါတယ်။
ဒါတွေက သွင်းဂိုးတွေ၊ ဂိုးဖန်တီးမှုတွေနဲ့ မသက်ဆိုင်ပါဘူး။ ဒါက ဒီကလပ်အသင်းအပေါ်ချစ်မြတ်နိုးသူတွေနဲ့ ကစားသမားတွေအကြား ကာလရှည်ရှိနေခဲ့တဲ့ သံယောဇဉ်ပဲ ဖြစ်ပါတယ်။ ဒီဘရိုင်းက ဒီအသင်းဆီရောက်ရှိလာချိန်မှာ မန်စီးတီးပရိသတ်တစ်ဦး မဟုတ်ခဲ့ပါဘူး။ ဒါပေမယ့် ပရိသတ်တွေနဲ့ သူ့အကြားမှာ တည်ရှိလာတဲ့ သံယောဇဉ်ကြောင့် အခုအချိန်မှာတော့ မန်စီးတီးအမာခံပရိသတ်ဖြစ်လာပြီဆိုတာ ကျွန်တော်အာမခံပါတယ်”လို့ ပြောပါတယ်။