The network connection is lost.

Banner Image

ဦးနှောက်အမြှေးပါးရောင်ရမ်းမှုကြောင့် သတိလစ်လဲကျခဲ့တဲ့ ကွန်ပနီ ဆေးရုံဆင်းခွင့်ရပြီလို့ ဘိုင်ယန်မြူးနစ်အသင်း အတည်ပြု

ဦးနှောက်အမြှေးပါးရောင်ရမ်းမှု (Meningeal irritation) ကြောင့် သတိလစ်လဲကျခဲ့တဲ့ ဘိုင်ယန်မြူးနစ်နည်းပြကွန်ပနီက ရောဂါအခြေအနေသက်သာလာပြီးနောက် ဆေးရုံဆင်းခွင့်ရရှိခဲ့ပြီလို့ သိရပါတယ်။ လက်ရှိချန်ပီယံဘိုင်ယန်မြူးနစ်နဲ့ မက်ဂျ်ဒီဘတ်တို့ ယှဉ်ပြိုင်ကစားရမယ့် ပိုကယ်လ်ဖလားပွဲစဉ်မတိုင်ခင် အားကစားဒါရိုက်တာမက်စ်အီဘရယ်လ်ကိုယ်တိုင် ဒီအသင်းကို အတည်ပြုပေးခဲ့ပါတယ်။

ARD သတင်းဌာနဆီ အီဘရယ်လ်က "ဒါ ကျွန်တော်တို့အားလုံးအတွက် အကြီးမားဆုံးနဲ့ အကောင်းဆုံးသတင်းတစ်ခု ဖြစ်မယ်လို့ ထင်ပါတယ်" လို့ ပြောပါတယ်။

အားကစားဒါရိုက်တာက နည်းပြဖြစ်သူပျောက်ဆုံးနေမှုရဲ့အကြောင်းအရင်းနဲ့ပတ်သက်တဲ့ အခြေအနေမှန်ကို ပထမဆုံးအကြိမ်အဖြစ် ရှင်းပြခဲ့ပြီး "ဘာဖြစ်ခဲ့သလဲဆိုတာကို သူတို့ ရှာဖွေတွေ့ရှိခဲ့ပါပြီ။ ပြီးခဲ့တဲ့သောကြာနေ့ဖြစ်ရပ်က ဦးနှောက်အမြှေးပါးရောင်ရမ်းမှုကြောင့် ဖြစ်ခဲ့ရတာပါ" လို့ ပြောကြားခဲ့ပါတယ်။

ကွန်ပနီက ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ဗိုင်းရပ်စ်ပိုးကူးစက်မှုတစ်ခုကြောင့် ဘိုင်ယန်မြူးနစ်အရန်အသင်းရဲ့လေ့ကျင့်ရေးကွင်းဘေးမှာ သတိလစ်လဲကျသွားခဲ့တယ်လို့ အစောပိုင်းမှာ ဖော်ပြခဲ့ကြသလို ဒီဗိုင်းရပ်စ်ပိုးကြောင့် ဦးနှောက်အမြှေးပါးရောင်ရမ်းမှု ဖြစ်ပွားလေ့ရှိပါတယ်။

အီဘရယ်လ်က "အခုတော့ သူ့ကို အိမ်ပြန်ခွင့်ပြုလိုက်လို့ အဲဒီမှာပဲ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်တွေကို အပြီးသတ်ဆောင်ရွက်သွားပါလိမ့်မယ်။ သူ့အတွက် ပြန်လည်ထူထောင်ရေးဆိုတာ အနားယူခြင်းနဲ့ ဆေးဝါးကုသမှု ခံယူခြင်းပါပဲ။ အဲဒီနောက်မှာတော့ သူက ရာနှုန်းပြည့်ကြံ့ခိုင်မှုနဲ့အတူ ကွင်းဘေးစည်းဆီ မကြာခင် ပြန်လည်ရောက်ရှိလာမယ်ဆိုတာ ကျွန်တော် သေချာပေါက်အာမခံပါတယ်" လို့ ပြောပါတယ်။

ကွန်ပနီကို ကွင်းဘေးစည်းဆီ ပြန်လာဖို့ ကလပ်အသင်းဘက်မှ အလျင်စလိုလုပ်ဆောင်သွားဖို့ မရှိဘူးလို့ အားကစားဒါရိုက်တာက ထပ်မံပြောဆိုခဲ့ပြီး "သူ့အတွက် လိုအပ်သလောက် အချိန်ကို အပြည့်အဝပေးသွားပါမယ်။ ဒါကို ကျွန်တော်တို့ အမြဲတမ်းပြောခဲ့ပါတယ်။ ဒါကြောင့်လည်း အစကတည်းက သီတင်းပတ်ပေါင်းများစွာ ကြာမြင့်မယ်လို့ ကျွန်တော်တို့ ပြောခဲ့ကြတာပါ" လို့ ဆိုပါတယ်။