The network connection is lost.

Banner Image

မန်စီးတီးအသင်း ဘယ်လောက်အထိသန်မာအားကောင်းသလဲဆိုတာ ပြသသွားရမယ်လို့ ဆိုလိုက်တဲ့ ပက်ဂွါဒီယိုလာ

ဘုန်းမောက်နဲ့ရင်ဆိုင်ကစားရမယ့် အင်္ဂါနေ့၊ ပရီးမီးယားလိဂ်ပွဲစဉ်မှာ သူတို့အသင်းရဲ့အရည်အသွေးကို ပြသသွားဖို့ မန်စီးတီးကစားသမားတွေဆီ ပက်ဂွါဒီယိုလာက တောင်းဆိုခဲ့ပါတယ်။ မန်စီးတီးက အခုသီတင်းပတ်ကုန်၊ အက်ဖ်အေဖလားဗိုလ်လုပွဲမှာ ခရစ္စတယ်ပဲလေ့စ်ကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပေမယ့် ပက်ဂွါဒီယိုလာကတော့ အရေးကြီးတဲ့ပွဲကြီးပွဲကောင်းတစ်ခု ကျန်နေသေးလို့ ဒီရှုံးနိမ့်မှုအတွက် စိတ်ပျက်အားလျော့နေဖို့ အချိန်မရှိသေးဘူးလို့ ပြောဆိုခဲ့ပါတယ်။

၂၀၂၄-၂၀၂၅ ဘောလုံးရာသီ၊ ပရီမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးငါးနေရာမှာ ရပ်တည်နိုင်တဲ့ ကလပ်အသင်းတွေက လာမယ့်ဘောလုံးရာသီ၊ ချန်ပီယံလိဂ်ပြိုင်ပွဲဆီ ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါလိမ့်မယ်။ အခုသီတင်းပတ်ကုန်ပွဲစဉ်တွေအပြီး အနီးဆုံးပြိုင်ဘက်တွေဖြစ်တဲ့ အက်စတွန်ဗီလာ၊ ချဲလ်ဆီးတို့ နိုင်ပွဲကိုယ်စီရရှိခဲ့လို့ မန်စီးတီးက အမှတ်ပေးဇယားတတိယနေရာမှ ဆဋ္ဌမနေရာဆီ ဆင်းပေးခဲ့ရပါတယ်။

ဒါပေမယ့် အင်္ဂါနေ့ပွဲစဉ်မှာသာ မန်စီးတီးတို့ နိုင်ပွဲရရှိမယ်ဆိုရင် ရာသီပိတ်ပွဲစဉ်မတိုင်ခင် ပက်ဂွါဒီယိုလာရဲ့အသင်းက အမှတ်ပေးဇယားတတိယနေရာဆီ ပြန်လည်ရောက်ရှိလာပါလိမ့်မယ်။ ပက်ဂွါဒီယိုလာကိုယ်တိုင်ကလည်း သူ့ရဲ့ကစားသမားတွေကို အက်ဖ်အေဖလားဖိုင်နယ်ရှုံးနိမ့်မှုမှ ရုန်းထွက်နိုင်ဖို့၊ ဖူလ်ဟမ်နဲ့ရာသီပတ်ပွဲစဉ်မတိုင်ခင် အိမ်ကွင်းအရေးကြီးပွဲစဉ်မှာ သူတို့အသင်းရဲ့အဆင့်အတန်းနဲ့ ရဲစွမ်းသတ္တိကို ပြသသွားကြဖို့ လိုလားနေပါတယ်။

အင်္ဂါနေ့ပွဲစဉ်မတိုင်ခင် ပက်ဂွါဒီယိုလာက “ ကျွန်တော်တို့ ပြန်ရုန်းထနိုင်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ ရှင်သန်နိုင်ဖို့ လိုအပ်ပါတယ်။ နိုင်ပွဲတွေက နိုင်ပွဲရရှိဖို့ ကူညီပေးလို့ အက်ဖ်အေဖလားချန်ပီယံအဖြစ် ဘုန်းမောက်နဲ့ကစားရမယ်ဆိုရင် ပိုကောင်းပါလိမ့်မယ်။ ဒါပေမယ့် အခုတော့ ကျွန်တော်တို့က ကိုယ့်အသင်းပရိသတ်ရှေ့မှောက်မှာ ဘယ်လောက်အထိ သန်မာအားကောင်းသလဲဆိုတာ သက်သေပြသွားရပါမယ်။

အသင်းလိုက်ကစားပုံဆိုးရွားနေချိန်မျိုးမှာ ကျွန်တော်ကတော့ ရိုးရိုးသားသားနဲ့ပဲ နိုင်ပွဲနဲ့မထိုက်တန်ပါဘူးလို့ ထုတ်ပြောလေ့ရှိပါတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီ၊ မန်ချက်စတာယူနိုက်တက်နဲ့ပွဲစဉ်မှာ ကျွန်တော်တို့ရဲ့ကစားပုံ မကောင်းခဲ့လို့ အခုလိုမျိုး ထုတ်ပြောခဲ့ဖူးပါတယ်။ ဒါပေမယ့် ဒီရာသီမှာတော့ ကျွန်တော့်မှာ အဲ့ဒီလိုခံစားချက်မျိုး မရှိနေပါဘူး။

အရမ်းကောင်းတဲ့ပွဲစဉ်တစ်ခုကို ဖန်တီးနိုင်ခဲ့တယ်ဆိုတဲ့ ခံစားချက်မျိုးပဲ ကျွန်တော့်မှာ ရှိပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်ရရှိဖို့ဆိုတာ အာဆင်နယ်အတွက်၊ နယူးကာဆယ်အတွက်၊ ချဲလ်ဆီးအတွက်၊ အက်စတွန်ဗီလာအတွက်၊ နော်တင်ဟမ်ဖောရက်စ်အတွက်၊ ကျွန်တော်တို့အားလုံးအတွက် အလွန်အရေးကြီးပါတယ်။

ဒါပေမယ့် အခုအချိန်မှာတော့ ကစားသမားတွေနဲ့ စကားတွေအများကြီးပြောလို့ မရသေးပါဘူး။ ကျွန်တော်တို့တွေ ခွန်အားဖြည့်တင်းပြီး ပွဲစဉ်အတွက် ပြင်ဆင်သွားရပါမယ်။ ကျွန်တော်တို့ ပြိုင်ပွဲအတွက် ပြင်ဆင်သွားရပါလိမ့်မယ်။ ကျွန်တော်ကိုယ်တိုင်လည်း ကိုယ့်ရဲ့ကစားသမားတွေ ဘယ်လိုပုံစံမျိုးနဲ့ ပြန်လည်ကောင်းမွန်လာလဲဆိုတာကို မြင်တွေ့ချင်မိပါတယ်။ ကျွန်တော်တို့အတွက် အမြန်ဆုံးပြန်လည်ထူထောင်နိုင်ဖို့ လိုအပ်ပါတယ်”လို့ ပြောပါတယ်။