
အင်္ဂလန်ဒါဘီရှုံးနိမ့်မှုက လီဗာပူးရဲ့လတ်တလောကျဆင်းမှုအတိုင်းအတာကို ပြသပေးတယ်လို့ ဆိုလိုက်တဲ့ ဂျွန်အဲဒရစ်ချ်
ပြီးခဲ့တဲ့တနင်္ဂနွေနေ့၊ မန်ချက်စတာယူနိုက်တက်ကို အရေးနိမ့်ခဲ့မှုဟာ အသင်းရဲ့လက်ရှိစွမ်းဆောင်ရည် ဘယ်လောက်အထိဆိုးရွားနေသလဲဆိုတဲ့အချက်ကို ပြသပေးနေတယ်လို့ လီဗာပူဟီးရိုးဂျွန်အဲလ်ဒရစ်ချ်က ပြောပါတယ်။ ဒါ့အပြင် ဂျွန်အဲလ်ဒရစ်ချ်က အန်ဖီးလ်မှာ အနိုင်ယူသွားတဲ့ သရဲနီတွေကို သမိုင်းတလျှောက် အညံ့ဖျင်းဆုံးယူနိုက်တက်အသင်းအဖြစ် တံဆိပ်ကပ်ခဲ့ပါတယ်။
Liverpool Echo မှာ ရေးသားခဲ့တဲ့ ဂျွန်အဲလ်ဒရစ်ချ်ရဲ့ဆောင်းပါးမှာ “ လီဗာပူးပရိသတ်တစ်ဦး၊ လီဗာပူးကစားသမားတစ်ဦးနဲ့ ဝေဖန်သုံးသပ်သူတစ်ဦးအဖြစ် ရပ်တည်ခဲ့တဲ့ နှစ်ပေါင်း ၆၀ အတွင်း အခုတခေါက် အန်ဖီးလ်ဆီရောက်လာပြီး အနိုင်ယူသွားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းက အညံ့ဖျင်းဆုံးဖြစ်ပါတယ်။ သူတို့က သာမန်ရိုးရိုးရှင်းရှင်းနဲ့ပဲ လာရောက်ပြီး တနင်္ဂနွေနေ့မှာ ၂-၁ ဂိုးဆိုတဲ့ရလဒ်ဖြင့် အနိုင်ယူသွားခဲ့ပါတယ်။ ဒါက လက်ရှိအချိန်မှာ ကျွန်တော်တို့အသင်း ဘယ်လောက်အထိ မှားယွင်းနေပြီလဲဆိုတာကို ပြသပေးပါတယ်။
လွန်ခဲ့တဲ့နှစ်တွေအတွင်း ယူနိုက်တက်က လီဗာပူးကို အဝေးကွင်းမှာ အနိုင်ယူခဲ့ဖူးတဲ့ပွဲကြီးပွဲကောင်းအချို့ ရှိခဲ့ဖူးပါတယ်။ အဲ့ဒီအသင်းမှာ အိုးထရက်ဖို့ဒ်ရဲ့အဓိကစူပါစတားတွေဖြစ်တဲ့ ပေါလ်စခိုး၊ ဝိန်းရွန်နီ၊ ရွိုင်ကိန်းတို့လို ဒိတ်ဒိတ်ကြဲကစားသမားတွေ ပါဝင်ပါတယ်။ တခါတလေဆိုရင် သူတို့တွေသာ ပိုကောင်းတဲ့အသင်းပါဆိုပြီး စိတ်မသက်မသာနဲ့ ပြောခဲ့ဖူးပါတယ်။
ဒါပေမဲ့ ယေဘုယျအားဖြင့် ရူဘင်အာမိုရင်ရဲ့အသင်းက အတော်လေးညံ့ဖျင်းပါတယ်။ သူတို့တွေက ယမန်နှစ်ဘောလုံးရာသီ၊ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့်-၁၅ နေရာနဲ့ ရာသီသိမ်းခဲ့ပါတယ်။ ဒါကြောင့် အဝေးကွင်းမှာ ချန်ပီယံတွေကို သူတို့တွေ အနိုင်ယူသွားတယ်ဆိုတဲ့အချက်ကြောင့် အန်းစလော့နဲ့ သူ့ရဲ့နည်းပြအဖွဲ့ဝင်တွေအတွက် တကယ့်စိုးရိမ်စရာအခြေအနေကို ဖြစ်ပေါ်စေပါလိမ့်မယ်။
ထရန်စမဲလ်ရိုဗာမှာ နည်းပြတစ်ဦးအဖြစ် ကျွန်တော်တာဝန်ယူခဲ့ဖူးပါတယ်။ ကိုယ့်အသင်းရုန်းကန်နေရချိန်မျိုးမှာ အသေးစိတ်အချက်အလက်တွေကို အာရုံစိုက်ပေးမယ့် အချို့ပုဂ္ဂိုလ်တွေ ရှိပါတယ်။ အဲ့ဒီလိုအချိန်မျိုးမှာ အသင်းအတွက် လမ်းပြပေးနိုင်မယ့်၊ ယုံကြည်နိုင်မယ့် ထင်မြင်ယူဆချက်တွေပေးနိုင်တဲ့ လက်ထောက်မျိုး လိုအပ်ပါတယ်။ အန်းစလော့ဆီမှာ အဲ့ဒီလိုလက်ထောက်မျိုးတွေ ရှိမယ်ဆိုတာ ကျွန်တော် အာမခံပါတယ်။
ဒါပေမဲ့ အခုအချိန်မှာတော့ လီဗာပူးအတွက် ဘယ်လိုနေရာမှပဲဖြစ်ဖြစ် နိုင်ပွဲတစ်ခု မဖြစ်မနေလိုအပ်နေပါပြီ။ သူတို့အတွက် Clean Sheet တွေ လိုအပ်သလို၊ မှန်ကန်တဲ့ခံစစ်ပိုင်းစုဖွဲ့မှုတစ်ခုလည်း လိုအပ်နေပါတယ်။ အခုတော့ ဒါတွေက သူတို့တွေ မလုပ်နိုင်သေးတဲ့အရာအချို့ဖြစ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း လီဗာပူးကို အခြေခံကျကျစတင်ဖို့လိုအပ်တယ်ဆိုတာ အတိတ်မှာ ပြောခဲ့ပြီးပါပြီ”လို့ ရေးသားဖော်ပြခဲ့ပါတယ်။