
ကြွက်သားဒဏ်ရာကြောင့် ၂ ပွဲလောက်လွဲချော်ဦးမယ့် မန်စီးတီးစတား
မန်စီးတီးအသင်းဘက်ကတော့ ကွင်းလယ်လူ ရိုဒရီဟာ ၂ ပွဲလောက်လွဲချော်ဦးမယ်လို့ အတည်ပြုလိုက်ပါတယ်။ စပိန်သားရဲ့အခြေအနေကို ဂွါဒီယိုလာက အတည်ပြုလာခဲ့တာဖြစ်ပြီး မနှစ်ကရာသီတုန်းကလည်း ပွဲတော်တော်များများကို အရွတ်ကြောဒဏ်ရာကြောင့် လွဲချော်ခဲ့ပါတယ်။ ရိုဒရီဟာ ၂၀၂၅ - ၂၆ ရာသီမှာလည်း ပွဲကြံ့ခိုင်မှုပြန်ရဖို့ ရုန်ကန်နေရပြီး လက်ရှိမှာ ကြွက်သားဒဏ်ရာရရှိနေတာဖြစ်ပါတယ်။
၂၀၂၄ စက်တင်ဘာတုန်းက ရိုဒရီဟာ အရွတ်ကြောဒဏ်ရာရခဲ့တာဖြစ်ပြီး စီးတီးကိုပရီးမီးယားလိဂ်ချန်ပီယံဆုမကာကွယ်ပေးနိုင်ခဲ့တာဖြစ်ပါယတ်။ ၂၀၂၅ မှာလည်း ဖီဖာကလပ်ကမ္ဘာ့ဖလားအတွင်း အသေးစားဒဏ်ရာတွေရရှိခဲ့တာဖြစ်ပြီး စီးတီးဟာ ရိုဒရီအခြေအနေကို သေချာလေးဂရုတစိုက်ကိုင်တွယ်နေရတာဖြစ်ပါတယ်။ အခုလည်း ဘရန့်ဖို့ဒ်နဲ့ပွဲမှာ ပါဝင်ကစားရင်း ဒဏ်ရာရခဲ့တာဖြစ်ပြီး ကုသမှုခံယူနေရပါတယ်။ ဒဏ်ရာပြဿနာကြောင့် ရိုဒရီဟာ စပိန်အသင်းနဲ့ပါ မပူးပေါင်းပဲ နေခဲ့ပါတယ်။
နောက်ဆုံးဒဏ်ရာအခြေအနေက တံကောက်ကြောဒဏ်ရာဖြစ်ဟန်ရှိနေပြီး ကာလရှည်တော့မနားရနိုင်တာဖြစ်ပါတယ်။ အဆိုပါဒဏ်ရာကြောင့် အဲဗာတန်နဲ့ပွဲကို လွဲချော်ခဲ့တာဖြစ်ပြီး နောက်ထပ် ၁ ပတ်လောက်ထပ်မံနားရနိုင်ချေများနေပါတယ်။ ဆိုလိုတာက ရိုဒရီအနေနဲ့ အခုကြားရက် ဗီလာရီးရဲလ်နဲ့ချန်ပီယံလိဂ်ပွဲအပြင် လာမယ့်အပတ် ဗီလာနဲ့ပွဲကိုပါ လွဲချော်မှာဖြစ်ပါတယ်။
“ကျွန်တော်တော့ မထင်ပါဘူး။ ဗီလာနဲ့ပွဲလည်း မပါဝင်နိုင်ဖို့များနေပါတယ်။ အချိန်အတော်ကြာတော့ မနားရနိုင်ပါဘူး။ ကျွန်တော်တို့ ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ နောက်ထပ်ဒဏ်ရာပြဿနာမဖြစ်အောင် ကျွန်တော်တို့ အကြိမ်များစွာ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် အဲ့လိုမလုပ်နိုင်ခဲ့ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ ဆက်လက်စောင့်ကြည့်ရပါမယ်။ ကြွက်သားဒဏ်ရာဖြစ်နိုင်ချေများပါတယ်။ မှန်ပါတယ်။ ကျွန်တော်တို့ သူ့ကိုလက်မလွှတ်ချင်ပါဘူး။ ဘာလို့လဲဆိုတော့ သူက အရေးပါတဲ့ကစားသမားဖြစ်တာကြောင့်ပါ။ ကျွန်တော်တို့ သူ့ကိုဂရုစိုက်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် အခြေအနေက အခုလိုဖြစ်လာခဲ့ပါတယ်”လို့ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။
စကိုင်းစပေါ့တ်နဲ့အင်တာဗျူးမှာ ရိုဒရီက “ကျွန်တော် တံကောက်ကြောနေရာကနေ အနည်းငယ်နာကျင်သလို ခံစားလာရပါတယ်။ ဒါပေမယ့် အရမ်းကြီးနာကျင်တာမျိုးတော့မဟုတ်ပါဘူး။ အနည်းငယ်လေးဖြစ်နေတာပါ။ ယူရိုဖိုင်နယ်တုန်းက ကျွန်တော်ဒဏ်ရာရတာနဲ့ဆင်တူပါတယ်။ ဒါပေမယ့် အရေးအကြီးဆုံးက ဒဏ်ရာပြဿနာမကြီးမားဖို့ပါ”လို့ ဖြေကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီတုန်းက ရိုဒရီမပါဝင်နိုင်တာက စီးတီးအတွက် ကြီးမားတဲ့ဆုံးရှုံးမှုဖြစ်ခဲ့ပြီး ပြိုင်ပွဲတော်တော်များများမှာ ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိမှာ စီးတီးက ၈ ပွဲဆက်ရှုံးပွဲမရှိထားပဲ အာဆင်နယ်နဲ့ ၃ မှတ်အကွာ အဆင့် ၂ နေရာမှာ ရပ်တည်နေပါတယ်။