
တည်ကန်ဘောတစ်ခုတည်းနဲ့ ပရီးမီးယားလိဂ်ဖလားရဖို့ကြိုးစားနေတယ်လို့ အာဆင်နယ်ကိုဝေဖန်လိုက်တဲ့ ဂယ်ရီနဗီးလ်
မန်ချက်စတာယူနိုက်တက်ကစားသမားဟောင်း ဂယ်ရီနဗီးလ်က အာဆင်နယ်ဟာ တည်ကန်ဘောတစ်ခုတည်းကိုသာအသုံးပြုတတ်ကြောင်းနဲ့ အဆိုပါနည်းစနစ်နဲ့ပဲ ပရီးမီးယားလိဂ်ဆုဖလားရရှိဖို့ကြိုးစားနေတယ်လို့ ဝေဖန်ပြောကြားလာခဲ့ပါတယ်။
မန်စီးတီးနဲ့ ၁-၁ နဲ့သရေကျခဲ့တဲ့ပွဲစဉ်အပြီးမှာ နဗီးလ်က အာဆင်နယ်မှာ ဂိုးရဖို့အတွက် တိုက်စစ်ပိုင်း နည်းဗျူဟာတွေအလုံအလောက်မရှိကြောင်း ထောက်ပြလာခဲ့ပြီး နည်းပြအာတီတာအနေနဲ့ တည်ကန်ဘောတွေကိုသာအသုံးပြုပြီး ဂိုးသွင်းဖို့ကြိုးစားနေခြင်းက အသင်းကိုတိုးတက်စေမှာမဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။
နောက်ခံလူဟောင်းက "ပက်ဂွါဒီယိုလာအနေနဲ့ ဒီပွဲမှာ အာဆင်နယ်ကို ဦးဆောင်ပြီး သက်တောင့်သက်သာကစားနိုင်ခဲ့ပါတယ်။ သူက အာဆင်နယ်ရဲ့ တည်ကန်ဘောတစ်ကွက်တည်းကိုပဲ အသုံးပြုတတ်တဲ့နည်းလမ်းကို သိနေပြီးသားဖြစ်လို့ပါ။ အာဆင်နယ်ရဲ့ ဂိုးရနိုင်ချေက တည်ကန်ဘောမှာပဲ ရာခိုင်နှုန်းအများဆုံးရှိနေပါတယ်။ သူတို့က ပြိုင်ဘက်ဂိုးဧရိယာထဲမှာ သူတို့ကစားသမားတွေ စုပြုံထည့်ပြီး ပြိုင်ဘက်ဂိုးသမားကို အနှောင့်အယှက်ပေးရင်း ဂိုးသွင်းဖို့ကြိုးစားခဲ့ကြပါတယ်"
"အာတီတာအနေနဲ့ သူ့အသင်းကို စွန့်စားမှုမယူရဲပါဘူး။ သူ အဲဒီပွဲမှာ ကစားသမား ၂ ယောက်ကို ပွဲချိန်တစ်ဝက်မှာပဲ လူစားလဲခဲ့ပါတယ်။ ဒီလိုလူစားလဲတယ်ဆိုတာ သူ့ရဲ့ပထမအစီအစဉ်က အလုပ်မဖြစ်လို့ပါ။ ပွဲထွက်လူစာရင်းထဲက ကစားသမားတွေက ဒီပွဲကိုနိုင်အောင်မကစားနိုင်မှန်းသိလို့ လူစားလဲခဲ့ရတာပါ။ တစ်ဂိုးဦးဆောင်ခံရချိန်မှာ လဲခဲ့တာဆိုတော့ သူ့ရဲ့အခြေအနေကို ပိုပြီးတော့သိသာစေပါတယ်" လို့ဝေဖန်ပြောကြားခဲ့ပါတယ်။
လာမယ့်ကြာသပတေးနေ့မှာတော့ အာဆင်နယ်ဟာ ကာရာဘောင်ဖလား တတိယအဆင့်ပွဲစဉ်အဖြစ် လိဂ်ဝမ်းကလပ် ပေါ့ဗေးလ်ကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး တနင်္ဂနွေနေ့မှာတော့ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် နယူးကာဆယ်နဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။