The network connection is lost.

Banner Image

ယူရို ၂၀၂၄ အတွက် ဂျော်ဒန်ဟန်ဒါဆန် မပါဝင်ခဲ့တာကြောင့် ဒုတိယအသင်းခေါင်းဆောင်အသစ် ခန့်အပ်လိုက်တဲ့ ဂါရတ်ဆောက်ဂိတ်

၂၀၁၈ ခုနှစ်ကတည်းက ဟယ်ရီကိန်းရဲ့လက်ထောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဟန်ဒါဆင်က ယူရို ၂၀၂၄ သို့ မလိုက်ပါခဲ့ရတာကြောင့် သူ့ရဲ့နေရာမှာ မန်စီးတီးကြယ်ပွင့်ဝေါလ်ကာက အစားထိုးဝင်ရောက်ရတာဖြစ်ပါတယ်။

Daily Mail ရဲ့ ဖော်ပြချက်အရ ဝေါလ်ကာဟာ ဒီရာသီမှာ ၄ ကြိမ်ဆက်ပရီးမီးယားလိဂ် ချန်ပီယံတွေအတွက် အသင်းခေါင်းဆောင်အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ ကိန်းနှင့် ပစ်ဖို့ဒ်တို့ကဲ့သို့ ညာနောက်ခံလူဟာ ဆောက်ဂိတ်ရဲ့ လက်အောက်မှာ အင်္ဂလန်အသင်းတွင် အမြဲအနီးကပ်ရှိနေခဲ့ပြီး သောကြာနေ့ညတွင် စတင်မယ့် ယူရိုပြိုင်ပွဲတွင် ကြီးမားသောအစိတ်အပိုင်းတစ်ခု ထပ်မံပါဝင်ရန် စီစဉ်ထားတာဖြစ်ပါတယ်။

အင်္ဂလန်ဟာ တနင်္ဂနွေနေ့ညတွင် ဆာဘီးယားအသင်းနှင့် ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။ ဟန်ဒါဆန်ဟာ ၂၀၁၈ နှင့် ၂၀၂၂ ကမ္ဘာ့ဖလားများအပြင် ယူရို ၂၀၂၀ တို့တွင်လည်း ဒုတိယအသင်းခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တာကြောင့် ဆက်လက်ရပ်တည်ရန် မျှော်လင့်ထားတာဖြစ်ပါတယ်။ သို့သော်လည်း လီဗာပူးအသင်းခေါင်းဆောင်ဟောင်းဟာ ပြီးခဲ့တဲ့နွေရာသီက ဆော်ဒီပရိုလိဂ်သို့ အငြင်းပွားဖွယ်အပြောင်းအရွှေ့တစ်ခုပြုလုပ်ပြီးနောက် ဆောက်ဂိတ်ရဲ့ပဏာမလူစာရင်းမှာပင် မပါဝင်ခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်မှာ ပါဝင်နိုင်ဖို့ အခွင့်အလမ်းများ တိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် ဇန်နဝါရီတွင် အေဂျက်စ်သို့ ရောက်ရှိလာခဲ့သော်လည်း သူ့ရဲ့ကစားပုံက တိုးတက်လာခြင်းမရှိတာကြောင့် အလားအလာရှိတဲ့ လူငယ်ကစားသမား မိုင်နူးနှင့် ဝါသွန်တို့ကို အစားထိုးရွေးချယ်လိုက်ရတာဖြစ်ပါတယ်။

အသက် ၃၄ နှစ်အရွယ် ဝေါလ်ကာဟာ အင်္ဂလန်ရဲ့ ၂၆ ဦးစာရင်းတွင် အသက်အကြီးဆုံးကစားသမားဖြစ်ပြီး ၂၀၁၁ ခုနှစ်တွင် လက်ရွေးစင်အသင်း အတွက် ပထမဆုံးပွဲဦးထွက်ခဲ့ပြီး ယူရို ၂၀၁၆ မှစပြီး အဓိကပြိုင်ပွဲတိုင်းတွင် နိုင်ငံအတွက် ကိုယ်စားပြုကစားနိုင်ခဲ့တာဖြစ်ပါတယ်။ သူဟာ ယခုအချိန်အထိ အင်္ဂလန်အတွက် ၈၃ ပွဲ ကစားပေးထားပြီး ယူရိုပြိုင်ပွဲအတွင်း အင်္ဂလန်အတွက်ပွဲထွက်ခွင့်အများဆုံးရရှိထားတဲ့ ညာနောက်ခံလူအဖြစ် ယူနိုက်တက်ဂန္တဝင်ကစားသမားဟောင်း ဂယ်ရီနဗီးလ်ကို ကျော်ဖြတ်နိုင်တော့မှာဖြစ်ပါတယ်။

ကိန်းရဲ့နောက် ဒုတိယအသင်းခေါင်းဆောင်ဖြစ်လာဖို့ ပစ်ဖို့ဒ်၊ ထရစ်ပီယာ၊ ရိုက်စ်တို့နှင့် ယှဉ်ပြိုင်ခဲ့ရတာလည်းဖြစ်ပါတယ်။