လီဗာပူးအသင်းခေါင်းဆောင်ဟောင်း ဂျော်ဒန်ဟန်ဒါဆန်ကို အပြီးသတ်ခေါ်ယူလိုက်ပြီလို့ ချဲလ်ဆီးအတည်ပြု
ပရီးမီးယားလိဂ်ဝါရင့်ကွင်းလယ်လူဂျော်ဒန်ဟန်ဒါဆန်နဲ့ ဘရန့်ဖို့ဒ်အသင်းတို့အကြား စာချုပ်ဖျက်သိမ်းဖို့ သဘောတူညီမှု ရရှိခဲ့ပြီးနောက် ချဲလ်ဆီးအသင်းက ဒီကွင်းလယ်ကစားသမားကို အပြီးသတ်ခေါ်ယူလိုက်ပြီလို့ အတည်ပြုကြေညာခဲ့ပါတယ်။
အသက် ၃၆ နှစ်အရွယ်ကစားသမားက ချဲလ်ဆီးနဲ့အတူ ၂၀၂၈ ခုနှစ်၊ နွေရာသီအထိ ရှိနေမယ့် နှစ်နှစ်သက်တမ်းရှိစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒါက လူငယ်တွေကိုပဲ အဓိကထားဝယ်ယူစုဆောင်းလေ့ရှိတဲ့ ချဲလ်ဆီးအသင်းအပြောင်းအရွှေ့မူဝါဒရဲ့ ထင်ရှားတဲ့ ပြောင်းလဲမှုကြီးလည်း ဖြစ်ပါတယ်။ အသင်းလူစာရင်းမှာ အတွေ့အကြုံရင့်ကစားသမားတွေ ပိုလိုချင်တယ်လို့ နည်းပြအလွန်ဆိုကိုယ်တိုင် တောင်းဆိုပြီးနောက် ချဲလ်ဆီးအသင်းက ဟန်ဒါဆန်နဲ့ ဘရိုက်တန်တိုက်စစ်မှူးဝဲလ်ဘတ်တို့ကို ခေါ်ယူခဲ့ပါတယ်။
"ကလပ်အသင်းရဲ့ကြီးမားတဲ့အရှိန်အဝါ၊ တကယ်ကိုလေးစားရတဲ့ နည်းပြ၊ ပြီးတော့ ကစားသမားတွေရဲ့အရည်အသွေးတွေကို ကြည့်ရင် ဒီကမ်းလှမ်းမှုဆိုတာ ကျွန်တော့်အတွက် ငြင်းပယ်ဖို့ မဖြစ်နိုင်တဲ့ အခွင့်အရေးကြီးတစ်ခုပါပဲ" လို့ ဟန်ဒါဆန်က ပြောပါတယ်။
"အသင်းပိုင်ရှင်တွေက ချဲလ်ဆီးကို လမ်းကြောင်းမှန်ပေါ် ရောက်အောင်နဲ့ အောင်မြင်အောင် လုပ်ဆောင်ချင်လို့ ကျွန်တော် တကယ်ကို အထင်ကြီးမိပါတယ်။ ကျွန်တော့်ဘက်ကတော့ ကွင်းတွင်းကွင်းပြင် အသင်းဖော်တွေနဲ့အတူ အသင်းကို အတက်နိုင်ဆုံးကူညီပေးဖို့ နေ့စဉ်နေ့တိုင်း အစွမ်းကုန်ပေးဆပ်သွားပါမယ်။ အလုပ်စလုပ်ဖို့အတွက် တကယ့်ကိုစိတ်လှုပ်ရှားနေပါပြီ" လို့ သူက ဆိုပါတယ်။
ဒီအင်္ဂလန်ကွင်းလယ်လူက ပရီးမီးယားလိဂ်ပွဲစဉ် ၄၆၃ ပွဲအထိ ကစားဖူးပါတယ်။ သူက ဆန်းဒါးလန်းအသင်းမှာ လူငယ်ကစားသမားအဖြစ် စတင်လာခဲ့ပြီးနောက် လီဗာပူးအသင်းဆီ ပြောင်းရွှေ့ကာ အချိန်အတော်ကြာ အောင်မြင်မှုတွေနဲ့အတူ ဖြတ်သန်းခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ ဆော်ဒီအာရေဗျနဲ့ အေဂျက်စ်တို့ဆီ သွားရောက်ကစားခဲ့ပြီး ယမန်နှစ်ဘောလုံးရာသီမှာ ဘရန့်ဖို့ဒ်အသင်းနဲ့အတူ ပရီးမီးယားလိဂ်ဆီ ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ သူက ဘရန့်ဖို့ဒ်အတွက် ပြိုင်ပွဲစုံ ၃၄ ပွဲအထိ ပါဝင်ကစားပေးခဲ့သလို အင်္ဂလန်ရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်လူစာရင်းမှာ ရွေးချယ်ခံခဲ့ရပါတယ်။
လက်ရွေးစင်အသင်းမှာ ပါဝင်ကစားချိန်အတွင်း ဟန်ဒါဆန်က လက်မောင်းရိုးကျိုးဒဏ်ရာရရှိသွားလို့ ချဲလ်ဆီးအသင်းအတွက် ဘယ်အချိန်မှာပွဲထွက်ကစားပေးနိုင်မလဲဆိုတာ အတိအကျ မသိရသေးပါဘူး။