The network connection is lost.

Banner Image

ဥရောပစူပါဖလားဗိုလ်လုပွဲကို တိုးတက်မှုတွေ ပြသနိုင်မယ့် အခွင့်အရေးတစ်ခုအဖြစ် ရှုမြင်ထားတဲ့ အူနိုင်းအမ်မရီ

အက်စတွန်ဗီလာနည်းပြအူနိုင်းအမ်မရီက ဗုဒ္ဓဟူးနေ့မှာ ပီအက်စ်ဂျီနဲ့ရင်ဆိုင်ရမယ့် ဥရောပစူပါဖလားပွဲစဉ်ကို အသင်းရဲ့တိုးတက်မှုတွေ ဆက်လက်ထိန်းသိမ်းနိုင်မယ့် အခွင့်အရေးတစ်ခုအဖြစ် ရှုမြင်နေပါတယ်။

ပြီးခဲ့တဲ့ရာသီ၊ ယူရိုပါလိဂ်ချန်ပီယံတွေက ဆဲလ်ဘတ်မြို့မှာ လက်ရှိချန်ပီယံလိဂ်ဆုရှင် ပီအက်စ်ဂျီနဲ့ ရင်ဆိုင်ရဖို့ ရှိနေပြီး အက်စတွန်ဗီလာအတွက် ဒုတိယအကြိမ် စူပါဖလားပွဲစဉ် ဖြစ်လာပါလိမ့်မယ်။

အမ်မရီကတော့ အခုပွဲစဉ်နဲ့ပတ်သက်လို့ သူတာဝန်ယူပြီးနောက် အက်စတွန်ဗီလာအသင်း ဘယ်လောက်အထိ တိုးတက်လာသလဲဆိုတာကို ပြသနေတဲ့ ပြယုဂ်တစ်ခုဖြစ်သလို နောက်ထပ်ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခုလည်း ဖြစ်တယ်လို့ ယုံကြည်နေပါတယ်။ နှစ် ၃၀ အတွင်း အသင်းအတွက် ပထမဆုံးဆုဖလား ရယူပေးခဲ့ပြီးနောက် အသင်းအတွက် အခုလိုပွဲစဉ်မျိုးမှာ ကွင်းတွင်းကွင်းပြင်တိုးတက်မှုတွေ ပိုမိုရရှိစေလိမ့်မယ်လို့ အမ်မရီ မျှော်လင့်နေပါတယ်။

"ကလပ်အသင်းရော၊ ကစားသမားတွေပါ အစစအရာရာ တိုးတက်နေလို့ ကျွန်တော်တို့ အောင်မြင်နေတာပါ။ ဒါ့အပြင် အခုလိုမျိုးပွဲစဉ်တွေမှတဆင့် ပရိသတ်တွေ ပိုမိုရရှိလာနိုင်သလို ဘောလုံးလောကမှာလည်း အသင်းရဲ့ပုံရိပ် ပိုပြီးတော့ တောက်ပလာပါလိမ့်မယ်" လို့ အမ်မရီက အသင်းမီဒီယာဆီ ပြောပါတယ်။

"စူပါဖလားပွဲကစားရတယ်ဆိုတာ နောက်ထပ်ဆုဖလားတစ်လုံး ထပ်ရနိုင်မယ့် အခွင့်အရေးပါပဲ။ အခုအချိန်၊ ကမ္ဘာ့အကောင်းဆုံးအသင်းလို့ ပြောနိုင်တဲ့ ပီအက်စ်ဂျီလို ပြိုင်ဘက်မျိုးနဲပ ကျွန်တော်တို့ ယှဉ်ပြိုင်နိုင်ပါတယ်" လို့ သူက ဆိုပါတယ်။

"ကျွန်တော်တို့ ဘယ်လိုကစားမလဲ၊ ပရိသတ်တွေနဲ့အတူ ဒီပွဲကို ဘယ်လိုပျော်ပျော်ပါးပါး ဖြတ်သန်းမလဲဆိုတာ အသင်းရဲ့သမိုင်းနဲ့ အနာဂတ်အတွက် မှတ်တိုင်တစ်ခုပါပဲ။ အခုလို ပွဲကြီးပွဲကောင်းတွေကစားရတယ်ဆိုတာ ကျွန်တော်တို့ ထိပ်တန်းအဆင့်မှာ ရှိနေတယ်ဆိုတာကို ပြသနေလို့ တကယ့်ကို အံ့ဩစရာပါပဲ"

"သေချာတာပေါ့၊ ပီအက်စ်ဂျီသာ ဆုဖလားရဖို့ ရေပန်းအစားဆုံးဖြစ်နေပါတယ်။ ဒါကြောင့် စိန်ခေါ်မှုကြီးတစ်ခုပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့က အသင်းလိုက်စုစည်းမှုတွေ၊ တစ်ဦးချင်းစွမ်းဆောင်ရည်တွေနဲ့ ကျွန်တော်ကိုယ်တိုင်လည်း လူးဝစ်အင်းနရစ်ကို ရင်ဆိုင်ရမှာဖြစ်လို့ လက်ရှိဘောလုံးလောကမှာ ကျွန်တော်တို့ ရောက်နေတဲ့ အဆင့်အတန်းအတွက် တကယ်ကို ဂုဏ်ယူမိပါတယ်" လို့ အမ်မရီက နိဂုံးချုပ်ပြောကြားခဲ့ပါတယ်။