ဘိုင်ယန်မြူးနစ်နဲ့ စာချုပ်သစ်ဆွေးနွေးမှုအခြေအနေကို ဟယ်ရီကိန်း ဖွင့်ဟ
ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးဟယ်ရီကိန်းက ၂၀၂၇ ခုနှစ်နောက်ပိုင်းအထိ ဂျာမန်ချန်ပီယံတွေနဲ့ စာချုပ်သက်တမ်းတိုးဖို့အတွက် ဆွေးနွေးမှုတွေ စတင်လုပ်ဆောင်နေပြီလို့ သောကြာနေ့မှာ အတည်ပြုခဲ့ပါတယ်။
ဘွန်ဒက်စ်လီဂါရာသီအဖွင့်ပွဲစဉ်အဖြစ် စတုဂတ်ကို ၅-၁ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့တဲ့ အိမ်ကွင်းပွဲစဉ်အပြီး သတင်းထောက်တွေနဲ့တွေ့ဆုံချိန် ဟယ်ရီကိန်းက စာချုပ်သက်တမ်းတိုးဖို့အတွက် ညှိနှိုင်းမှုတွေ စတင်နေပြီလို့ ပြောကြားခဲ့ပါတယ်။
"ပထမဆုံးအကြိမ်တွေ့ဆုံဆွေးနွေးမှုကို ပြီးခဲ့တဲ့အပတ်မှာ စတင်ခဲ့ပါတယ်" လို့ ဟယ်ရီကိန်းက ဆိုပါတယ်။
အသက် ၃၃ နှစ်အရွယ်တိုက်စစ်မှူးက လာမယ့်လအတွင်း သူ့ရဲ့ဇာတိမြေဖြစ်တဲ့ လန်ဒန်မြို့မှာပေးအပ်ချီးမြှင့်မယ့် ရွှေဘောလုံးဆု(Ballon d'Or)ဆွတ်ခူးဖို့ ရေပန်းအစားဆုံးသူတွေအနက် တစ်ဦး ဖြစ်ပါတယ်။
ဟယ်ရီကိန်းက ဆွေးနွေးရမယ့်အချက်တွေ အများကြီးရှိနေသေးမဲ့ ငယ်ဘ၀ကလပ်အသင်းတော့တင်ဟမ်မှ ၂၀၂၃ ခုနှစ်မှာ ထွက်ခွာလာပြီးနောက် ဘိုင်ယန်မြူးနစ်မှာပဲ ဆက်ရှိနေဖို့ မျှော်လင့်မိတယ်လို့ ပြောပါတယ်။
"ကျွန်တော် အသက် ၃၃ နှစ်ရှိပါပြီ။ ဒါက ကျွန်တော့်ရဲ့နောက်ဆုံးစာချုပ် ဖြစ်လာမလားဆိုရင် မဟုတ်ပါဘူး။ ဒါပေမဲ့ ဒါက ကျွန်တော့်အတွက်တော့ လက်မှတ်ရေးထိုးဖို့ အရေးကြီးတဲ့ စာချုပ်တစ်ခု ဖြစ်ပါတယ်။
သူတို့ဘက်က ကျွန်တော်ပျော်ရွှင်နေဖို့ လိုအပ်သလို သူတို့ကိုယ်တိုင်လည်း ကျေနပ်အားရမှုရှိဖို့ သေချာပေါက်လိုအပ်ပါတယ်... ဘယ်သူ့ဘက်မှာမှ စိုးရိမ်ပူပန်နေတာမျိုး မရှိပါဘူး။
ကျွန်တော်တို့ နှစ်ဖက်စလုံး ကျေနပ်အားရမယ့် အခြေအနေတစ်ခုဆီ ရောက်ရှိသွားလိမ့်မယ်လို့ သေချာပေါက်ယုံကြည်ပါတယ်" လို့ ဟယ်ရီကိန်းက ဆိုပါတယ်။
ဘိုင်ယန်မြူးနစ်ကတော့ အခုဘောလုံးရာသီကုန်မှာ စာချုပ်သက်တမ်းပြည့်မြောက်မယ့် ဟယ်ရီကိန်းကို စာချုပ်သစ်ချုပ်ဆိုချင်တယ်လို့ ထပ်တလဲလဲ ပြောကြားထားပါတယ်။
အင်္ဂလန်အသင်းခေါင်းဆောင်က ပြီးခဲ့တဲ့ဘောလုံးရာသီ၊ ဘွန်ဒက်စ်လီဂါပွဲစဉ် ၃၁ ပွဲမှာ ၃၆ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ဂျာမန်ထိပ်သီးလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် တတိယမြောက်ဂိုးအများဆုံးသွင်းယူနိုင်မှုဖြစ်ခဲ့သလို အမှတ်ပေးချန်ပီယံဆုနဲ့ ပြည်တွင်းရှုံးထွက်ဖလားတို့ကို သိမ်းပိုက်ခဲ့ပါတယ်။
သူက အင်္ဂလန်အသင်းရဲ့ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ခရီးလမ်းတလျှောက် ခြောက်ဂိုးသွင်းယူမှုအပါအဝင် ပြီးခဲ့တဲ့ရာသီ၊ ကလပ်အသင်းနဲ့ နိုင်ငံ့လက်ရွေးစင်အသင်းအတွက် စုစုပေါင်း ၇၃ ဂိုး သွင်းယူခဲ့ပါတယ်။