ကမ္ဘာ့ဖလားပြိုင်ပွဲဝင်လူစာရင်းမှ ချန်လှပ်ခံရလို့ ဒေါသထွက်မိတယ်ဆိုတာ တူချယ်သိထားဖို့ မျှော်လင့်နေတဲ့ အာနိုးလ်
အာနိုးလ်က ၂၀၂၆ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲဝင်လူစာရင်းမှ ချန်လှပ်ခံရပြီးနောက် အင်္ဂလန်အသင်းနည်းပြသောမတ်စ်တူချယ်ဆီ သတင်းစကား ပါးလိုက်ပါတယ်။
လီဗာပူးမှ ရီးရဲလ်မက်ဒရစ်ဆီ အငြင်းပွားဖွယ်ပြောင်းရွှေ့သွားခဲ့တဲ့ အသက် ၂၇ နှစ်အရွယ်ကစားသမားက စပိန်မြေပွဲဦးထွက်ဘောလုံးရာသီမှာ ပုံမှန်ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရသလို ၂၀၂၅ ခုနှစ်အစောပိုင်း၊ အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြအဖြစ် တူချယ်တာဝန်ယူချိန်ကတည်းက ပွဲကစားခွင့် အကန့်အသတ်ဖြင့်သာ ရရှိခဲ့ပါတယ်။ ဒါကြောင့် သူက မြောက်အမေရိကဆီ ဦးတည်သွားခဲ့တဲ့ အင်္ဂလန်လက်ရွေးစင်အသင်းလူစာရင်းမှ ချန်လှပ်ခံခဲ့ရတဲ့ နာမည်ကြီးကစားသမားတွေအနက် တစ်ဦး ဖြစ်လာခဲ့ပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း အင်္ဂလန်အသင်းရဲ့ညာနောက်ခံလူနေရာပြဿနာ ပိုမိုဆိုးရွားလာခဲ့ပြီး ဒဏ်ရာရရှိမှုတွေနဲ့ ပွဲပယ်ပြစ်ဒဏ်တွေကြောင့် ဒီနေရာအတွက် တူချယ်ကိုယ်တိုင် အပြောင်းအလဲများစွာ ပြုလုပ်ခဲ့ရသလို အာနိုးလ်ကိုမခေါ်ယူခဲ့တဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့လည်း မေးခွန်းထုတ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမဲ့ အာနိုးလ်မပါဝင်လာတဲ့ အင်္ဂလန်အသင်းက ကမ္ဘာ့ဖလားပြိုင်ပွဲ၊ ဆီမီးဖိုင်နယ်အဆင့်အထိ တက်လှမ်းနိုင်ခဲ့ပါတယ်။
အာနိုးလ်ကတော့ နွေရာသီကာလအတွင်း စပိန်မှာပဲ ဆက်ရှိနေမယ့် သူ့ရဲ့ဆုံးဖြတ်ချက်ကို အတည်ပြုဖို့အတွက် တူချယ်နဲ့စကားပြောဆိုခဲ့မှုမှာ တင်းမာမှုတွေ ရှိခဲ့တယ်လို့ ပွင့်ပွင့်လင်းလင်း ပြောပြလာပါတယ်။
Mirror Sport နဲ့ အင်တာဗျူးမှာ အာနိုးလ်က "ပွင့်ပွင့်လင်းလင်း ပြောပါရစေ၊ ကျွန်တော့်မှာ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ဖို့ မျှော်လင့်ချက်အပြည့် ရှိခဲ့ပါတယ်။ တူချယ်နဲ့ ဖုန်းပြောပြီး ဖုန်းချလိုက်ချိန် ကျွန်တော် ကြိတ်မနိုင်ခဲမရ ဖြစ်ခဲ့ပါတယ်" လို့ ပြောပါတယ်။
"နည်းပြအဖွဲ့ဝင်တွေလည်း ဒီကိစ္စနဲ့ပတ်သက်လို့ ကျွန်တော် ဒေါသထွက်မိတယ်ဆိုတာကို နားလည်ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ လက်ရွေးစင်အသင်းလူစာရင်းမှာ ပါဝင်ဖို့ မျှော်လင့်ထားလို့ နွေရာသီအတွက် ဘာအစီအစဉ်မှ မဆွဲထားခဲ့ပါဘူး။
နည်းပြက အင်္ဂလန်အသင်းအတွက် အားသွန်ခွန်စိုက်ကစားပေးချင်သူတွေကိုပဲ လိုချင်ပါလိမ့်မယ်။ ကျွန်တော်က အဲ့ဒီလိုလူမျိုးပါပဲ။ ကစားသမားဘ၀ အနားယူချိန်မတိုင်ခင်အထိ ကျွန်တော် ရွေးချယ်ခံရသည်ဖြစ်စေ၊ မရွေးချယ်လို့ပဲဖြစ်စေ အင်္ဂလန်ကစားသမားတစ်ဦး ဖြစ်နေပါလိမ့်မယ်" လို့ သူက ဆိုပါတယ်။