The network connection is lost.

Banner Image

အိုလံပီယာကို့စ်နဲ့ပွဲမှာ ဂိုးပေါက်ပျောက်ခဲ့ပေမယ့် အသင်းဖော်ကို ချီးကျူးလိုက်တဲ့ မာတီနယ်လီ

အာဆင်နယ်စတား မာတီနယ်လီက အိုလံပီယာကို့စ်နဲ့ပွဲမှာ ဂိုးပေါက်ပျောက်ခဲ့ပေမယ့်လည်း တိုက်စစ်မှူး ယိုကရက်စ်ဟာ တစ်ရာသီကို ဂိုး ၄၀ သွင်းနိုင်မယ့်သူလို့ အခိုင်အမာပြောကြားလိုက်ပါတယ်။ ယိုကရက်စ်ဟာ ဂရိကလပ်နဲ့ပွဲမှာ ဂိုးမရခဲ့ပေမယ့် အာဆင်နယ်အတွက် ပြိုင်ပွဲစုံ ၉ ပွဲမှာ ၃ ဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်။

အဆိုပါဂိုးတွေထဲမှာ ပရီးမီးယားလိဂ်ပွဲသွင်းဂိုး ၂ ဂိုးပါဝင်နေပြီး တစ်လုံးက ပင်နယ်တီအလုံးပါဝင်နေပါတယ်။ နော်တင်ဟမ်ကိုအနိုင်ရခဲ့တဲ့ပွဲမှာ ယိုကရက်စ်ဂိုးသွင်းနိုင်ခဲ့ပေမယ့် အခုနောက်ပိုင်း အာဆင်နယ်အတွက် ပြိုင်ပွဲစုံ ၅ ပွဲဆက်ဂိုးပေါက်ပျောက်ထားခဲ့ပါတယ်။ အာဆင်နယ်ဟာ ဆွီဒင်သားကို စပို့တင်းထံပေါက် ၆၄ သန်းနဲ့ ခေါ်ယူထားနိုင်ခဲ့ပါတယ်။ စပို့တင်းမှာတုန်းက ယိုကရက်စ်ဟာ ၁၀၂ ပွဲမှာ ၉၇ ဂိုးအထိသွင်းယူနိုင်ခဲ့ပေမယ့် ပရီးမီးယားလိဂ်မှာတော့ ရုန်းကန်နေရပါတယ်။

ရုန်းကန်နေရပေမယ့်လည်း မာတီနယ်လီက ယိုကရက်စ်ဟာ ဟာလန်း ၊ ဆာလက်တို့နည်းတူ တစ်ရာသီကို ဂိုး ၄၀ လောက်သွင်းယူနိုင်မယ်လို့ အခိုင်အမာပြောကြားလိုက်ပါတယ်။ “ကျွန်တော်တို့ သူနဲ့ပတ်သက်ပြီး တကယ်ပျော်ပါတယ်။ ကျွန်တော်တို့ သူ့ကိုယုံကြည်ပါတယ်။ သူ့အရည်အချင်းကို သိသလို သူကအခုလက်ရှိထိပ်တန်းတိုက်စစ်မှူးတွေထဲကတစ်ဦးပါ။ 

ကျွန်တော် သူဂိုးသွင်းနိုင်ဖို့ ယုံကြည်မှုပေးဖို့လိုအပ်ပါတယ်။ သူကလည်း ကွင်းထဲမှာ ကျွန်တော်တို့ကို ဂိုးတွေနဲ့ပြန်ကူညီနိုင်ပါလိမ့်မယ်။ မာတင်နဲ့အတူ တွဲဖက်ကစားရတာကောင်းပါတယ်။ ဘာလို့လဲဆိုတော့ သူက ခင်ဗျားရွှေ့လျားချိန်မှာ ခင်ဗျားကိုအမြဲတမ်းရှာဖွေနေတာပါ။ ဗစ်တာလည်းအတူတူပါပဲ။ သူက ပြိုင်ဘက်တိုင်းကို ခြိမ်းခြောက်နိုင်ပါတယ်။

ဒါကြောင့် မာတင်နဲ့အတူတွဲကစားရ ကောင်းတယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့ သူ့ကိုဘောလုံးပေးနိုင်သမျှပေးဖို့ကြိုးစားပါတယ်။ တစ်ရာသီကို ယိုကရက်စ်တစ်ယောက် ဂိုး ၃၀ ဒါမှမဟုတ် ၄၀ လောက်သွင်းယူနိုင်မလားဆိုတာ ကျွန်တော်မသိပါဘူး”လို့ မာတီနယ်လီက ပြောကြားခဲ့ပါတယ်။

မာတီနယ်လီက ဒီရာသီဘယ်တောင်ပံနေရာမှာ အီဇီးနဲ့ အားပြိုင်နေရတဲ့အပေါ် “ကျွန်တော် ခံစားချက်ကောင်းပါတယ်။ အဲ့တာက ကျွန်တော့်အတွက် နိုင်ငံအသင်းမှာလည်း ကျွန်တော် ဗင်နီ ၊ ရိုဒရီဂိုတို့နဲ့အားပြိုင်ရပါတယ်။ အသင်းမှာရှိတဲ့အသင်းဖော်တွေအတွက် ကျွန်တော် တကယ်ပျော်ပါတယ်။ အသင်းဆီရောက်လာတဲ့ကစားသမားတွေကြောင့် အခုဆိုလူအင်အားတောင့်တင်းလာပါပြီ။

ဒါကြောင့် ဒီလူစာရင်းကို အသုံးပြုခွင့်ပေးရပါမယ်။ ဘာလို့လဲဆိုတော့ ရာသီရှည်ကြီးတစ်ခုကိုဖြတ်သန်းရမှာပါ။ လူတိုင်း အဲ့တာကို သိပါတယ်။ လူအင်အားတောင့်တင်းတာက ဒဏ်ရာပြဿနာအတွက်လည်း အဆင်ပြေစေပါတယ်။ ကျွန်တော်တို့ အာဆင်နယ်အတွက် ကစားနေတာကပါ။ ဒါကြောင့် ကျွန်တော်တို့ ပွဲတိုင်းမှာအဆင်သင့်ဖြစ်နေဖို့လိုအပ်ပါတယ်။ တကယ်လို့ တစ်စုံတစ်ယောက် ဒဏ်ရာရခဲ့မယ်ဆိုရင် အစားဝင်ဖို့ အသင့်ဖြစ်နေရပါမယ်။ ကျွန်တော်ပွဲတိုင်းပွဲထွက်ခွင့်ရချင်သလို အသင်းကိုကူညီပေးချင်ပါတယ်။ နည်းပြက ဆုံးဖြတ်ချက်ချရမှာပါ။ အခွင့်အရေးရလာရင် ကျွန်တော်အမြဲတမ်းအကောင်းဆုံးကြိုးစားသွားမှာပါ”လို့ မာတီနယ်လီက ပြောကြားခဲ့ပါတယ်။