
The network connection is lost.

ပြီးခဲ့တဲ့စနေနေ့က အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်မှာ ဘရိုက်တန်ကို ၁-၃ နဲ့ အရှက်တကွဲရှုံးနိမ့်ပြီးနောက် မန်ချက်စတာယူနိုက်တက် ကစားသမား ၄ ဦးဟာ အသင်းရဲ့အဝတ်လဲခန်းအတွင်းမှာ ဒေါသတကြီး အချင်းများခဲ့ကြတယ်လို့သတင်းများထွက်ပေါ်လာပါတယ်။
ဘရိုက်တန်အတွက်သွင်းဂိုးတွေကို မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟောင်း ဒန်နီဝဲလ်ဘက်ခ်အပါအဝင် ပါစကယ် ဂရော့စ်နဲ့ ဂျိုအိုပီဒရိုတို့က သွင်းယူပေးခဲ့ကြတာဖြစ်ပြီး ယူနိုက်တက်အတွက် နှစ်သိမ့်ချေပဂိုးတစ်ဂိုးကိုတော့ လူစားဝင်ကစားသမား ဟန်နီဘယ်က သွင်းယူပေးခဲ့ပါတယ်။ အခုရှုံးပွဲကြောင့် ယူနိုက်တက်ဟာ ယခုရာသီ ၅ ပွဲ ကစားပြီးချိန်မှာ ၃ ပွဲအထိ ရှုံးနိမ့်ထားပြီး အသင်းရဲ့ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အဆိုးရွားဆုံး ရာသီစတင်မှုနဲ့ ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။
ဒါကြောင့် အဆိုပါရှုံးပွဲအပြီး အဝတ်လဲခန်းအတွင်းမှာ သဘောထားကွဲလွဲမှုများ ပေါ်ပေါက်လာပြီး အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်နဲ့ ယခုရာသီအတွင်းဒီပွဲမှာမှ ပထမဆုံးပွဲထွက်ခွင့်ရရှိခဲ့တဲ့ ကွင်းလယ်လူ တိုမီနေးတို့ဟာ အချင်းများခဲ့ကြတဲ့အပြင် အဆိုပါရန်ပွဲအတွင်းမှာ ဗဟိုနောက်ခံလူတွေဖြစ်ကြတဲ့ လီဆန်ဒရိုမာတီနက်ဇ်နဲ့ ဗစ်တာလင်ဒီလော့ဖ်တို့လည်း ပါဝင်ခဲ့ကြတယ်လို့သိရှိရပါတယ်။ ယူနိုက်တက်ဟာ လက်ရှိပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် ၁၃ နေရာမှာရပ်တည်နေပြီး လာမယ့် ကြာသပတေးနေ့မနက်မှာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားရမယ့် ဘိုင်ယန်မြူးနစ်အသင်းနဲ့ ပွဲစဉ်မှာ အကောင်းဆုံးပြန်လာနိုင်ဖို့ကြိုးပမ်းရမှာ ဖြစ်ပါတယ်။
ဘရိုက်တန်နဲ့ပွဲစဉ်မှာ ပြီးခဲ့တဲ့နွေရာအပြောင်းအရွှေ့ကာလမှာ ခေါ်ယူထားခဲ့တဲ့ ပေါင် ၇၂ သန်းတန် ဒိန်းမတ်ကြယ်ပွင့် ဟွိုက်လန်းက ပထမပွဲထွက်လူစာရင်းမှာပါဝင်ခဲ့ပေမယ့် အဲရစ်တန်ဟက်က ပွဲချိန် ၆၄ မိနစ်မှာ အန်တိုနီမာရှယ်နဲ့ လူစားလဲခဲ့တာကြောင့် ပရိသတ်တွေက တန်ဟက်ကိုလှောင်ပြောင်မှုတွေပြုလုပ်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့အပြောင်းအရွှေ့ကာလအတွင်း ယူနိုက်တက်ဟာ ကစားသမားသစ်ခေါ်ယူမှုတွေနဲ့ အသင်းမှကစားသမားရောင်းချမှုတွေပြုလုပ်ခဲ့သော်လည်း အထင်ကြီးလောက်စရာလုပ်ဆောင်မှုမျိုး မတွေ့ခဲ့ရဘဲ အထူးသဖြင့် တိုက်စစ်မှူး မေဆင်ဂရင်းဝုဒ်ရဲ့ပြဿနာကို ကိုင်တွယ်ဖြေရှင်းရာမှာ အတော်ပင်ပေါ့လျော့ခဲ့တာဖြစ်ပါတယ်။
ယခုအခါ တောင်ပံကစားသမား ဆန်ချိုက အာဆင်နယ်ကိုရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီး အဲရစ်တန်ဟက်နဲ့ သဘောထားကွဲလွဲခဲ့တာကြောင့် ယူနိုက်တက်ရဲ့ စီနီယာအသင်းနဲ့ ပူးပေါင်းခွင့်မရရှိတဲ့အပြင် နောက်ထပ်တောင်ပံကစားသမားတစ်ဦးဖြစ်တဲ့ အန်တိုနီကလည်း ရည်းစားဟောင်းဖြစ်သူကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲမှုတွေကို မွေးရပ်မြေဘရာဇီးမှာ ဖြေရှင်းနေရတာကြောင့် အသင်းမှအကန့်အသတ်မရှိဆိုင်းငံ့ခံထားရတာဖြစ်ပါတယ်။
ဒါ့အပြင် ယူနိုက်တက်ဟာ နောက်ခံလူ ဟယ်ရီမက်ဂွါရီနဲ့ပတ်သက်ပြီးတော့လည်း ပြဿနာအနည်းငယ်ကြုံတွေ့နေရပြီး အင်္ဂလန်လက်ရွေးစင်ကစားသမားကို ဝက်စ်ဟမ်းအသင်းက အသင်းခေါင်းဆောင် ရာထူးနဲ့ ကမ်းလှမ်းဖို့ပြင်ဆင်နေတာကြောင့်ကစားသမားဟာ လာမယ့်ဇန်နဝါရီမှာ အိုးလ်ထရက်ဖို့ဒ်မှပြောင်းရွှေ့ဖို့ အလားအလာရှိနေတာဖြစ်ပါတယ်။