The network connection is lost.

Banner Image

ပရီးမီးယားလိဂ်ဂန္တဝင်ကြီးတွေရဲ့ ဂုဏ်ပြုချီးကျူးမှုတွေ ရရှိနေတဲ့ ချဲလ်ဆီးကွင်းလယ်လူဟောင်း ကန်တီ

ဒီနေ့မနက်ပိုင်း၊ သြစတြီးယားကိုအနိုင်ယူခဲ့တဲ့ ယူရို-၂၀၂၄ အုပ်စုအဖွင့်ပွဲစဉ်အတွင်း ပွဲစဉ်အလိုက် အကောင်းဆုံးကစားသမားဆုရရှိတဲ့အထိ ခြေစွမ်းပြသနိုင်ခဲ့တဲ့ ပြင်သစ်ကွင်းလယ်ကစားသမား ကန်တီကို ပရီးမီးယားလိဂ်ဂန္တဝင်ကစားသမားကြီးတွေဖြစ်တဲ့ ရွိုင်ကိန်း၊ အီယန်ရိုက်စ်နဲ့ ဂယ်ရီနဗီးလ်တို့က ချီးကျူးဂုဏ်ပြုခဲ့ကြပါတယ်။

အခုယူရိုပြိုင်ပွဲအတွက် ဗိုလ်စွဲဖို့ရေပန်းအစားဆုံးအသင်းတစ်ခုဖြစ်တဲ့ ပြင်သစ်လက်ရွေးစင်အသင်းက ဒီနေ့မနက်ပိုင်းပွဲစဉ်မှာ သြစတြီးယားနောက်ခံလူဝိုဘာရဲ့ O.G ဂိုးနဲ့သာ ပြိုင်ဘက်ကို အနိုင်ယူနိုင်ခဲ့ပါတယ်။ ဒါက ဒီဒီယာဒက်စ်ချမ့်စ်ရဲ့အသင်းအတွက် စိတ်လှုပ်ရှားစရာကောင်းတဲ့ စွမ်းဆောင်ရည်မျိုး မဖြစ်ခဲ့ပေမယ့် အရေးကြီးတဲ့နိုင်ပွဲတစ်ခုတော့ ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် သူတို့အသင်းက ပြိုင်ပွဲမှာ ရှေ့ဆက်လျှောက်လှမ်းနေသမျှ ပိုမိုကောင်းမွန်တဲ့စွမ်းဆောင်ရည်တွေကို ပြသသွားနိုင်ပါလိမ့်မယ်။

အခုပွဲစဉ်မှာ ဒက်စ်ချမ့်စ်က ချူအာမန်နီ၊ ကာမာဗင်ဂါတို့ကို ချန်လှပ်ပြီး ချဲလ်ဆီးကစားသမားဟောင်းကို ပွဲထွက်ခွင့်ပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့နွေရာသီ၊ ဆော်ဒီလိဂ်ကလပ် အယ်လ်အစ်တီဟတ်ဆီ ပြောင်းရွှေ့ခဲ့ပေမယ့် အသက်-၃၃ နှစ်အရွယ် ကစားသမားက အကောင်းဆုံး ကွင်းလယ်လူတစ်ဦးအဖြစ် ရှိနေဆဲဖြစ်ပြီး သူ့ရဲ့စွမ်းဆောင်ရည်တွေ မဆုံးရှုံးသေးဘူးဆိုတာ ဘောလုံးပရိသတ်တွေဆီ သက်သေပြသွားပါတယ်။

ကန်တီက အခုပွဲစဉ်တလျှောက်လုံး လွှမ်းမိုးမှုအပြည့်နဲ့ ကွင်းတွင်းလှည့်လည်ကစားသွားခဲ့ပြီး အထင်ကြီးလောက်စရာ ဘောလုံးပေးပို့မှုစွမ်းရည်ကိုလည်း ပြသနိုင်ခဲ့ပါတယ်။ ပွဲစဉ်သုံးသပ်သူတွေဖြစ်ကြတဲ့ ရွိုင်ကိန်း၊ အီယန်ရိုက်စ်နဲ့ ဂယ်ရီနဗီးလ်တို့ကတော့ ချဲလ်ဆီးကွင်းလယ်လူဟောင်းကို အခုပွဲစဉ်အတွက် အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခဲ့ပြီး ချီကျူးဂုဏ်ပြုမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

ITV Sport မှတဆင့် ဂယ်ရီနဗီးလ်က “ ကန်တီရဲ့ကစားပုံက လုံးဝကောင်းမွန်နေတယ်လို့ ကျွန်တော် ယူဆမိပါတယ်” လို့ ပြောပါတယ်။ ရွိုင်ကိန်းကလည်း “ ဒီညမှာ တကယ့်ကိုကောင်းမွန်လွန်းတဲ့စွမ်းဆောင်ရည်တစ်ခုနဲ့ ကွင်းတွင်း အကောင်းဆုံးကစားသမားကတော့ ကန်တီ ဖြစ်ပါတယ်။ ဒီပွဲမှာ သူငယ်ငယ်တုန်းက ပြသခဲ့တဲ့ စွမ်းဆောင်ရည်မျိုးကို ပြန်လည်ပြသနိုင်ခဲ့ပါတယ်”လို့ ဆိုပါတယ်။

ကန်တီရဲ့ဘောလုံးဆိုင်ရာဉာဏ်ရည်ဉာဏ်သွေးနဲ့ပတ်သက်လို့ အီယန်ရိုက်စ်က “ဒီကွင်းလယ်နေရာက ဘောလုံးနဲ့ပတ်သက်တဲ့ ဉာဏ်ရည်ဉာဏ်သွေး အကုန်လုံးရှိရပါတယ်။ ကန်တီမှာ အဲ့ဒီလို ဉာဏ်ရည်ဉာဏ်သွေးမျိုး အလျှံပယ်ရှိပါတယ်”လို့ ဂုဏ်ပြုချီးကျူးလိုက်ပါတယ်။

ပြင်သစ်အတွက်ကစားပေးရင်း နိုင်ငံ့လက်ရွေးစင်အသင်းဆီ ပြန်လာနိုင်မှုနဲ့ပတ်သက်လို့ ကန်တီက ပွဲအပြီးမှာ သူ့ရဲ့ဝမ်းမြောက်ပျော်ရွှင်မှုကို ထုတ်ဖော်ပြသခဲ့ပါတယ်။ ပြင်သစ်ရုပ်သံသတင်းဌာန TF1 နဲ့တွေ့ဆုံချိန် ကန်တီက “ အားလုံးကို ကျေးဇူးအထူးတင်ပါတယ်။ အခုလို အသင်းဆီ ပြန်လာခွင့်ရရှိတာ ပျော်စရာကောင်းပါတယ်။ နိုင်ငံ့လက်ရွေးစင်အသင်းနဲ့အတူ ရှိနေခွင့်ရလို့ ကျွန်တော် ကျေနပ်အားရမိပါတယ်။ ပရိသတ်တွေရဲ့ ကျွန်တော့်နာမည်အော်ဟစ်အားပေးနေမှုကို မြင်တွေ့ရတာ ကျွန်တော် အရမ်းနှစ်သက်ပါတယ်။ ကျေးဇူးတင်ပါတယ်”လို့ ပြောပါတယ်။

ပြင်သစ်အသင်းက လာမယ့်သောကြာနေ့မှာ နယ်သာလန်အသင်းနဲ့ ရင်ဆိုင်ရဖို့ရှိပြီး ဒီနောက်မှာတော့ အုပ်စုအပိတ်ပွဲစဉ်အဖြစ် ပိုလန်နဲ့ ယှဉ်ပြိုင်ကစားရပါမယ်။