ဘရူနိုဖာနန်ဒက်စ်နဲ့စကားပြောဖို့ဆိုတာ ပိုချက်တီနိုရဲ့ ကနဦးတာဝန် ဖြစ်လိမ့်မယ်လို့ ဂယ်ရီနဗီးလ် သုံးသပ်
ဂယ်ရီနဗီးလ်က ကလပ်အသင်းမှာ ဘရူနိုဖာနန်ဒက်စ်ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ပေါ်တူဂီကြယ်ပွင့်နဲ့ ပိုချက်တီနိုတို့ စကားပြောဆိုဆွေးနွေးလိမ့်မယ်လို့ ယုံကြည်နေပါတယ်။
သရဲနီတွေ ဆက်လက်ရုန်းကန်နေရချိန် အသင်းခေါင်းဆောင်ဘရူနိုဖာနန်ဒက်စ် စာချုပ်သက်တမ်းတိုးမလား သိုပမဟုတ် အိုးထရက်ဖို့ဒ်မှ ထွက်ခွာမလားဆိုတဲ့ ဆုံးဖြတ်ချက်အတွက် ပိုချက်တီနိုရောက်ရှိလာမှုက အဆုံးအဖြတ်ပေးသွားနိုင်ဖွယ် ရှိနေပါတယ်။
ဘရူနိုဖာနန်ဒက်စ်က ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလအတွင်း စပို့တင်းလစ္စဘွန်းမှ ယူနိုက်တက်ဆီ ရောက်ရှိလာခဲ့ပြီး အက်ဖ်အေဖလားနဲ့ လိဂ်ဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့သလို မကြားသေးမီနှစ်တွေအတွင်း ခြေစွမ်းပိုင်းသိသိသာသာကျဆင်းနေခဲ့တဲ့အသင်းမှာ အသင်းခေါင်းဆောင်တာဝန်ကို ရယူထားပါတယ်။
သူ့ရဲ့လက်ရှိစာချုပ်က ၂၀၂၇ ခုနှစ်၊ နွေရာသီအထိ သက်တမ်းရှိနေပြီး အသက် ၃၂ နှစ်အရွယ်မှာတော့ လွန်ခဲ့တဲ့နှစ်တွေမှာလို ပွဲစဉ်တွေအပေါ် အပြည့်အဝလွှမ်းမိုးနိုင်စွမ်း မရှိတော့တဲ့ လက္ခဏာတွေ ပြသနေပါတယ်။
ဇွန်လကတည်းက သူ့ရဲ့အနာဂတ်နဲ့ပတ်သက်တဲ့ ဆွေးနွေးမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေပေမဲ့ သီတင်းတစ်ပတ်လုပ်ခလစာ ပေါင် ၂၅၀,၀၀၀ ဝန်းကျင် ရရှိနေမှုကြောင့် ကလပ်အသင်းက သူ့ကို ဆက်ထားချင်သလား၊ မထားချင်ဘူးလားဆိုတဲ့ သဘောထားအပေါ် အခက်အခဲ အတားအဆီးတချို့ ရှိနေပုံရပါတယ်။
စာချုပ်သက်တမ်းတိုးဖို့ ဒုတိယအကြိမ်ကမ်းလှမ်းလာမှုကို မကြားသေးမီကပဲ ဘရူနိုဖာနန်ဒက်စ်ကိုယ်တိုင် ပယ်ချခဲ့လို့ အနာဂတ်မရေမရာဖြစ်နေတဲ့ ပေါ်တူဂီလက်ရွေးစင်ကစာသမားနဲ့ ပိုချက်တီနိုတို့အကြား ပထမဆုံးတွေ့ဆုံမှု ဖြစ်ပေါ်လာလိမ့်မယ်လို့ နဗီးလ်က ယုံကြည်နေပါတယ်။
နဗီးလ်က "အဲဒီကိစ္စအတွက် သူတို့ကို ပိုချက်တီနို ကူညီပေးနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ ပိုချက်တီနို ပထမဆုံးတွေ့ဆုံဆွေးနွေးဖို့က ဘရူနိုဖာနန်ဒက်စ် ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။ သူနဲ့အတူထိုင်ပြီး 'ကိုယ့်လူ.. ဒီမှာ ၈ လ ဆက်ရှိနေဦးမယ်ဆိုတာ သေချာတယ်။ ဒါကို အကောင်းဆုံးဖြစ်အောင် လုပ်ကြမယ်။ ခင်ဗျားကို ဒီလိဂ်ရဲ့ အကောင်းဆုံးကစားသမား ပြန်ဖြစ်လာအောင် ကျွန်တော်လုပ်ပေးမယ်။ ခင်ဗျားကို ကျွန်တော်တို့ရဲ့ အသင်းခေါင်းဆောင်အဖြစ် လိုအပ်သလို ထူးချွန်ပြောင်မြောက်နေဖို့လည်း လိုအပ်တယ်။ စာချုပ်ကိစ္စကိုတော့ နွေကျမှပဲ ဆွေးနွေးကြမယ်' လို့ ပြောလိမ့်မယ် ထင်ပါတယ်"
"ဒါ အကောင်းဆုံးလုပ်ဆောင်ချက် ဖြစ်မယ်လို့ ကျွန်တော် ထင်ပါတယ်။ လာမယ့် သုံးလေးနှစ်အတွက် ဘရူနိုဖာနန်ဒက်စ်အပေါ် ကျွန်တော် လောင်ကြေးမထပ်နိုင်ပါဘူး။ ဒါပေမဲ့ သူ့ကို တစ်နှစ် သို့မဟုတ် နှစ်နှစ်လောက်တော့ ဆက်ထိန်းထားဖို့ ကြိုးစားသင့်ပါတယ်" လို့ ပြောပါတယ်။
ဘရူနိုဖာနန်ဒက်စ်ရဲ့လုပ်ခလစာနဲ့ပတ်သက်ပြီး နဗီးလ်က "ဒါကြောင့် ခင်ဗျားတို့ဆီမှာ ကြယ်ပွင့်တစ်ဦး၊ PFA တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုရှင်၊ ပြီးခဲ့တဲ့ ၁၂ နှစ်အတွင်း ကလပ်အသင်းရဲ့ အကောင်းဆုံးကစားသမား၊ ဂိုးဖန်တီးမှုတွေနဲ့ သွင်းဂိုးတွေကို အမြဲ စွမ်းဆောင်ပေးခဲ့တဲ့ ကစားသမားတစ်ဦး ရှိနေတဲ့ တကယ့်ကို ခက်ခဲတဲ့ အခြေအနေမျိုးနဲ့ ရင်ဆိုင်နေရတာပါ"
"တစ်နှစ် သို့မဟုတ် နှစ်နှစ်အတွင်း ခြေစွမ်းပိုင်း ချောက်ကမ်းပါးဆီ ထိုးကျသွားနိုင်တယ်ဆိုတာ ကောင်းကောင်းကြီး သိထားလျက်နဲ့ ကတ်စမဲရိုး၊ ရက်ရှ်ဖို့ဒ်တို့တုန်းကလို တစ်နှစ်လုပ်ခလစာ ပေါင်သန်း ၂၀ နှုန်းနဲ့ သုံးနှစ်စာ ပေါင်သန်း ၆၀ အထိ ပေးချေရမယ့် ထောင်ချောက်ထဲ ပိတ်မိသွားမယ့် အမှားမျိုးကို သူတို့ ထပ်မလုပ်ချင်ကြပါဘူး" လို့ ဆိုပါတယ်။
သူ့ရဲ့အနာဂတ်အတွက် သဘောတူညီမှုမပေးမီ ပိုချက်တီနိုရဲ့စွမ်းဆောင်ရည်ကို ဘရူနိုဖာနန်ဒက်စ် စောင့်ကြည့်လိုနေတယ်လို့ သိရပြီး ပိုချက်တီနိုရဲ့လက်အောက် ယူနိုက်တက်ရဲ့ ပထမဆုံးပွဲစဉ်အဖြစ် လာမယ့်တနင်္ဂနွေနေ့မှာ လီဗာပူးနဲ့ ရင်ဆိုင်သွားရပါမယ်။