မန်စီးတီးကို ပြင်းပြင်းထန်ထန် အပြစ်ပေးဖို့ ပရီးမီးယားလိဂ်ဆီ တိုက်တွန်းလိုက်တဲ့ အီယန်ရိုက်
မန်စီးတီးအသင်းရဲ့ ပရီးမီးယားလိဂ်ဘဏ္ဍာရေးအမှုအခင်းနဲ့ပတ်သက်ပြီး စီရင်ချက် သတင်းတွေ ထွက်ပေါ်လာပြီးနောက် အာဆင်နယ်တိုက်စစ်မှူးဟောင်းအီယန်ရိုက်က မန်စီးတီးအအသင်း မသမာမှုတွေ အကြီးအကျယ်ပြုလုပ်ခဲ့တယ်လို့ စွပ်စွဲပြောဆိုလိုက်ပါတယ်။
ကိုးရာသီကြာကာလအတွင်း ပြင်းထန်တဲ့ ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှုတွေမှာ မန်စီးတီး အပြစ်ရှိတယ်ဆိုတာ တွေ့ရှိရတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက် ITV ရုပ်သံအစီအစဉ်မှတဆင့် အီယန်ရိုက်က မကြုံစဖူး ပြင်းထန်တဲ့ ပြစ်ဒဏ်မျိုး ချမှတ်ဖို့ တောင်းဆိုခဲ့ပါတယ်။
မန်စီးတီးက ဝင်ငွေတိုးတက်များပြားလာစေဖို့နဲ့ ကုန်ကျစရိတ်လျှော့ချပြသနိုင်ဖို့အတွက် အသွင်ယူငွေကြေးထောက်ပံ့မှုအစီအစဉ်တွေ အသုံးပြုခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။
အီယန်ရိုက်က "ဒါ အတိုင်းအတာ အလွန်ကြီးမားတဲ့ မသမာမှုတစ်ခုပါပဲ။ ဒီလိုမျိုး စာနဲ့ပေနဲ့ အတိအလင်းရေးသားထားတာကို တွေ့မြင်ရတယ်ဆိုတာ တကယ့်ကို အံ့အားသင့်စရာပါပဲ။ မန်စီးတီးဆိုတာ အရမ်းကိုကြီးကျယ်ခမ်းနားတဲ့ အသင်းဖြစ်ခဲ့လို့ အခုဖြစ်ပျက်နေတဲ့အရာတွေကို ချန်လှပ်ထားပြီး သူတို့အကြောင်း ပြောဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒီနေရာမှာ မကြုံစဖူးပြင်းထန်တဲ့ပြစ်ဒဏ်မျိုး လိုအပ်တယ်လို့ ကျွန်တော် ယုံကြည်မိပါတယ်"
"ဒါက ပရီးမီးယားလိဂ်အတွက်တော့ အလွန်အရေးကြီးတဲ့ နေ့ရက်တစ်ခုပါ။ သူတို့က တစ်နိုင်ငံလုံးကို စွဲဆောင်လိုက်ပါပြီ။ အခုဆိုရင် ဥပဒေရေးရာတိုက်ပွဲတွေ အများကြီးရှိလာပြီး အချိန်အကြာကြီး ဆက်လက်ဆင်နွှဲနေလိမ့်ဦးမယ်လို့ ထင်ပါတယ်။ တကယ့်ကို စိတ်မကောင်းစရာပါပဲ" လို့ ဆိုပါတယ်။