ယာဂန်ကလော့ပ်နဲ့ဆွေးနွေးနေမှုနောက်ဆုံးအခြေအနေကို ထုတ်ဖော်အသိပေးလာတဲ့ ဂျာမနီဘောလုံးအဖွဲ့ချုပ်
ဂျာမနီဘောလုံးအဖွဲ့ချုပ် (DFB)က ယာဂန်ကလော့ပ်နဲ့ချုပ်ဆိုမယ့် စာချုပ်ရဲ့အဓိကအချက်အလက်တွေအပေါ် "နှစ်ဖက် နားလည်သဘောတူညီမှု" ရရှိခဲ့ပြီလို့ အတည်ပြုလိုက်ပါတယ်။ ဂျာမနီအသင်းရဲ့ နည်းပြသစ်အဖြစ် ခန့်အပ်ဖို့အတွက် ကလော့ပ်နဲ့ ဆွေးနွေးမှုတွေက အပြုသဘောဆောင်တဲ့ ရလဒ်တွေ ထွက်ပေါ်နေတယ်လို့ ဆိုပါတယ်။
၂၀၃၀ ပြည့်နှစ်အထိ သက်တမ်းရှိမယ့် စာချုပ်အတွက် မူအားဖြင့် သဘောတူညီမှု ရရှိခဲ့တယ်လို့ Sky Germany မှ ဖော်ပြခဲ့ပြီးနောက် DFB က "DFB ဥက္ကဋ္ဌ ဘန်းနျူရန်ဒေါ့ဖ်နဲ့ ဒုဥက္ကဋ္ဌ ဟန်စ်ဂျိုအာချင်ဗက်ဇ်ကေးတို့က ဂျာမနီလက်ရွေးစင်အသင်းနည်းပြချုပ်ခန့်အပ်ဖို့ကိစ္စနဲ့ ပတ်သက်ပြီး ယမန်နေ့၊ နယူးယောက်မှာ ယာဂန်ကလော့ပ်နဲ့ ပထမဆုံးအကြိမ် အသေးစိတ်တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်" လို့ ထုတ်ပြန်ခဲ့ပါတယ်။
"အပြုသဘောဆောင်တဲ့ ဒီဆွေးနွေးမှုအတွင်း စာချုပ်မှာပါဝင်မယ့် အဓိကအချက်တွေအပေါ် နှစ်ဖက်သဘောတူညီခဲ့ကြပါတယ်" လို့ ဆိုပါတယ်။
ကလော့ပ်က လက်ရှိမှာ Red Bull ရဲ့ ဘောလုံးဆိုင်ရာအကြီးအကဲအဖြစ် တာဝန်ယူထားပေမဲ့ သူ့ရဲ့စာချုပ်ဖျက်သိမ်းဖို့ကိစ္စမှာတော့ ပြဿနာမရှိလာနိုင်ဘူးလို့ မျှော်လင့်ရပါတယ်။
"ဆွေးနွေးမှုတွေကို လာမယ့်သီတင်းပတ်မှာ ဆက်လုပ်သွားပါမယ်။ ကလော့ပ်ရဲ့ လက်ရှိအလုပ်ရှင် Red Bull နဲ့သာ သဘောတူညီမှုရခဲ့ရင် ဒီညှိနှိုင်းမှုတွေ အောင်အောင်မြင်မြင်နဲ့ အပြီးသတ်နိုင်မယ်လို့ နှစ်ဦးနှစ်ဖက်လုံး ယုံကြည်နေကြပါတယ်" လို့ DFB က ပြောပါတယ်။
ဒါ့အပြင် "နောက်ဆုံးအဆင့် စာချုပ်ချုပ်ဆိုမှုကိုတော့ DFB ရဲ့ ကြီးကြပ်ရေးဘုတ်အဖွဲ့နဲ့ ရှယ်ယာရှင်များ အစည်းအဝေးမှာ အတည်ပြုချက် ရယူသွားရပါမယ်" လို့လည်း ဆိုပါတယ်။
ကမ္ဘာ့ဖလား ၃၂ သင်းရှုံးထွက်အဆင့်မှာ ပါရာဂွေးကို ရှုံးနိမ့်ကာ ပြိုင်ပွဲမှ ဂျာမနီအသင်း ထွက်ခွာလာခဲ့ပြီးနောက် နည်းပြနာဂယ်စ်မန်း ရာထူးမှ နုတ်ထွက်သွားပါတယ်။