ချဲလ်ဆီးအသင်းရဲ့အစဉ်အလာကောင်းကို ဆက်လက်ပုံဖော်သွားဖို့ စိတ်အားထက်သန်နေတဲ့ အလွန်ဆို
ချဲလ်ဆီးနည်းပြသစ်ဇာဘီအလွန်ဆိုက စတမ်းဖို့ဒ်ဘရစ်ချ်မှာ အခြေခိုင်ပြီးသားဖြစ်တဲ့ အသင်းရဲ့ယဉ်ကျေးမှုနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာတွေကို ပိုမိုကောင်းမွန်အောင် တည်ဆောက်သွားမယ်လို့ ကတိပြုလိုက်ပြီး ကစားသမားတွေကိုယ်တိုင်လည်း အသင်းအတွက် အစွမ်းကုန်ပေးဆပ်ကစားဖို့ အရေးကြီးတယ်လို့ အလေးပေးပြောကြားလိုက်ပါတယ်။
ဒီစပိန်လူမျိုးနည်းပြက ချဲလ်ဆီးနဲ့ လေးနှစ်သက်တမ်းရှိစာချုပ်တစ်ရပ် ချုပ်ဆိုခဲ့ပြီးနောက် ကြာသပတေးနေ့မှာတော့ နည်းပြတာဝန်ကို စတင်ထမ်းဆောင်နေပါပြီ။ အလွန်ဆိုက ရီးရဲလ်မက်ဒရစ်နဲ့ လေဗာကူဆင်တို့လို ထိပ်တန်းကလပ်အသင်းတွေမှာ တာဝန်ယူခဲ့တဲ့ အတွေ့အကြုံကောင်းတွေနဲ့အတူ လန်ဒန်မြေဆီ ရောက်ရှိလာပါတယ်။
"ကျွန်တော့်အတွက်တော့ ဘောလုံးမှာ ညှိနှိုင်းလို့မရတဲ့မူဝါဒတွေ ရှိပါတယ်။ အမြင့်ဆုံးအဆင့်မှာ ယှဉ်ပြိုင်နိုင်ဖို့ဆိုရင် အနစ်နာခံပေးဆပ်ဖို့ အသင့်ရှိရပါမယ်။ ဘာတစ်ခုမှ မချန်ထားရပါဘူး" လို့ သူက အသင်းဝက်ဘ်ဆိုဒ်နဲ့တွေ့ဆုံချိန် ပြောကြားခဲ့ပါတယ်။
"အသင်းရဲ့အကျိုးအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အရာအားလုံးကို ပေးဆပ်ရပါမယ်။ အသင်းသာ အမြဲတမ်းအရေးအကြီးဆုံးဖြစ်ပါတယ်" လို့လည်း သူက ဆိုပါတယ်။
အလွန်ဆိုက ဂျာမနီမှာရှိနေချိန် လေဗာကူဆင်အသင်းကို ကလပ်သမိုင်းတလျှောက် ပထမဆုံးဘွန်ဒက်စ်လီဂါချန်ပီယံဆု ရရှိအောင် လမ်းပြပေးခဲ့ပြီး ဥရောပရဲ့အထွန်းတောက်ဆုံး လူငယ်နည်းပြအဖြစ် နာမည်ကျော်လာပါတယ်။
"ဒီလိုယဉ်ကျေးမှုမျိုးဖြစ်လာဖို့ဆိုတာ အချိန်ယူရတဲ့ လုပ်ငန်းစဉ်တစ်ခုပါ။ အဲဒီလုပ်ငန်းစဉ်ကို ကော့ဘ်ဟမ်းလေ့ကျင့်ရေးကွင်းမှာ နေ့တိုင်းလုပ်ဆောင်သွားပြီး ပရိသတ်တွေရှေ့မှာ အကောင်းဆုံးကစားပြနိုင်ဖို့ နေ့စဉ်လေ့ကျင့်ပြင်ဆင်သွားပါမယ်" လို့ သူက ဆက်ပြောပါတယ်။
"လက်ရှိမှာ အသင်းရဲ့စိတ်ဓာတ်ပိုင်းက ခိုင်မာနေပြီးသားလို့ ကျွန်တော် ထင်ပါတယ်။ အသင်းမှာ အမာခံကစားသမားတွေ ရှိနေပြီး အဲဒီဝါရင့်ကစားသမားတွေက လူငယ်ကစားသမားတွေကို အသင်းရဲ့စိတ်ဓာတ်တွေ သိလာအောင် ကူညီပေးဖို့ လိုပါတယ်။ အဲဒါကိုတော့ သူတို့ရဲ့ပရော်ဖက်ရှင်နယ်ဆန်မှု၊ အလုပ်အပေါ် ကြိုးစားမှုနဲ့ အသင်းသာ အရေးကြီးဆုံးပဲဆိုတာကို သိနားလည်မှုတွေနဲ့အတူ လုပ်ဆောင်ရပါမယ်။ နေ့စဉ် အဲဒီလို လုပ်သွားရင်းနဲ့ အခုလိုယဉ်ကျေးမှုမျိုးကို တည်ဆောက်နိုင်ပါလိမ့်မယ်"
"ဒီမှာ ကျွန်တော်တို့တည်ဆောက်လိုက်တဲ့ အသင်းရဲ့ယဉ်ကျေးမှုက စတမ်းဖို့ဒ်ဘရစ်ချ် ကွင်းထဲမှာလည်း ရာနှုန်းပြည့်ပေါ်လွင်နေစေရပါမယ်" လို့ အလွန်ဆိုက ပြောကြားခဲ့ပါတယ်။